ကျွန်မချစ်တဲ့သူတွေ ( အခန်း ၈ )
- Hein Htut Khant
- Jan 1
- 3 min read

အချစ်ဦး
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက် ၊ တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့ ရင့်လို့ပဲ ဝါဝါ
ညှာတံပဲ ပြုတ်ပြုတ်၊
ဖြုတ်ခနဲပဲ ကြွေကြွေ
မြှေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့ ပန်းခြောက်လေးပဲ မြတ်နိုးမယ်။
မောင်စိန်ဝင်း ( ပုတီးကုံး )
ကျွန်မငယ်တုန်းက ဆရာမောင်စိန်ဝင်းပုတီးကုံးရဲ့ ကဗျာတွေကို သိပ်ကြိုက်ခဲ့ဖူးတယ်။
ဘာကြောင့်ကြိုက်ခဲ့သလဲ လို့ မေးရင်း ကျွန်မဟာ သူ့လို ကဗျာရေးတတ်သူ မဟုတ်တဲ့အတွက် သူက ကဗျာတစ်ပုဒ်ရေးပေးတိုင်း ကျွန်မကလည်း ကျွန်မ နှစ်သက်တဲ့ ရင်ထဲထိတဲ့ ကဗျာတစ်ပုဒ်ကို အသည်းအသဲ ရှာရပါတယ်။
အဲဒီလိုနဲ့ သူ့လိုကဗျာလည်း မရေးတတ်တဲ့အတွက် မောင်စိန်ဝင် ( ပုတီးကုံး ) ရဲ့ ကဗျာလေးကိုပဲ ပြန်ကူးယူပြီးရးပေးလိုက်တယ်။
သူ့ဆီက ချစ်တဲ့စာတစ်စောင် လက်ခံရရှိပြီးချိန်မှာ ကျွန်မက အဲ့ကဗျာလေးကို ပြန်ပေးခဲ့မိတယ်။
ကဗျာက ….အချစ်ဦးတဲ့။
အဲ့ဒီကဗျာလေး ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ သူ့စာတွေနဲ့ ကျွန်မပိုပြီး ရင်းနှီးခွင့်ရလာခဲ့တယ်။
သူက တစ်လကို ဗလာစာအုပ် တစ်အုပ်နဲ့ အပြည့် စာတွေရေးလာပြီး ကျွန်မကို ပေးတတ်တယ်။
နေ့စဉ် မှတ်တမ်းသဘောမျိုးပေါ့။
ဒါပေမဲ့ သူက ချစ်ရတဲ့ မီးရေ...ဆိုပြီး ခေါင်းစဉ်တပ်လေ့ရှိပါတယ်။
သူစာတွေထဲမှာ သူတာဝန်ကျတဲ့ ရွာကလေးကို ကျွန်မမြင်နေရတယ်။
ပြီးတော့ သူ့ရဲ့ အမိုးအကာ မလုံခြုံတဲ့ စာသင်ကျောင်းလေးနဲ့ လယ်ထဲဆင်းပြီးမှ စာလာသင်ကြတဲ့ တပည့်လေးတွေလည်း မြင်တွေ့ရတယ်။ ပြီးတော့ အဲ့ဒီကျောင်းလေးမှာ စာသင်ပြီးချိန် သူ့ရဲ့ အချိန်တွေကို ကျွန်မက သူ့အတွေးတွေကနေ ဘယ်လိုပိုင်ဆိုင်ခဲ့သလဲဆိုတာကိုလည်း သိလာရပါတယ်။
အဲလိုနဲ့ ကျွန်မအနေနဲ့ ညမှာစာကျက်ပြီး အိပ်ရာမဝင်ခင် တစ်နေ့လုံးမြင်တွေ့ကြားသိခဲ့ရတာတွေကို ရေးမိလာတယ်။
ကျွန်မတို့ ၂ ယောက် အဲဒီလို စာတွေ အပြန်အလှန်ရေးကြရင်း တစ်လပြီးတစ်လ အချိန်တွေဟာ ဘယ်သူ့ကိုမှမစောင့်ပဲနဲ့ အချိန်တွေဟာ တစ်ဖြုတ်ဖြုတ်ကြွေနေတယ်။အဲလိုနဲ့ မထင်မှတ်တဲ့နေ့တစ်နေ့မှာပဲ ကျွန်မတို့ ၂ ယောက်ရဲ့ စာတွေကို မေမေကတွေ့သွားခဲ့တယ်။
အဲတုန်းက မေမေက မိတ္ထီလာကောလိပ်မှာ လက်ထောက်ကထိကအနေနဲ့ တာဝန်ထမ်းဆောင်နေချိန်ပါ ၊ အမေက မိတ္ထီလာကနေ တစ်လတစ်ကြိမ် အိမ်ပြန်လာနိုင်အောင် မနည်းကြိုးစားနေထိုင်ရပါတယ်။
အိမ်ပြန်လာရင်လည်း ခင်ပွန်းသည်နဲ့ သားသမီးတိုင်းအတွက် လက်ဆောင်တစ်ခုမဟုတ်တစ်ခု အမြဲဝယ်လာလေ့ရှိပါတယ်။ လက်ဆောင်ရတာထက် အမေက ကျွန်မတို့ကို မမေ့ဘူးဆိုတဲ့ အသိစိတ်က အမေ့ကိုပိုပြီး တွယ်တာစေခဲ့ပါတယ်။
နောက်တစ်ချက်ကတော့ အမေ့အနေနဲ့ ဖေဖေဟာ နိုင်ငံရေးသမားဖြစ်တဲ့အတွက် ဝန်ထမ်းလောကမှာ လည်း အမေ့အပေါ်ထိုးနှက်ပြောဆိုခံရတာတွေ အဆင်မပြေမှုတွေရှိနေတယ်။
ယောင်္ကျားဖြစ်သူက နိုင်ငံရေးလုပ်တဲ့အတွက် ဇနီးသည်ကို တက္ကသိုလ်ဝန်းကျင်မှာ ရှိတဲ့ စစ်အာဏာရှင်အသိုင်းအဝိုင်းက လူတွေက ဖိနှိပ်ကြပါတယ်။ အဲလို ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံခြင်းခံရပါတယ်။
(စစ်တပ်ဟာ နိုင်ငံရေးသမားတွေကိုသာမက၊ နိုင်ငံရေးသမားမိသားစုဝင်တွေကိုပါ Boycott လုပ်ခဲ့ကြတာ သိရသလောက် ပြောရရင် ၁၉၇၄ ကတည်းက လို့ သိရပါတယ်)
အမေ့ကို ဖေဖေနဲ့ သားသမီးတွေအားလုံးက စိတ်ချမ်းသာအောင်ထားချင်ကြတယ်။
နောင်ချိုလာပြီး မိသားစု ဆုံခိုက်မှာ စိတ်ညစ်စရာတွေမေ့ထားပြီး မိသားစု ပျော်ပျော်ရွင်ရွင်နေနိုင်အောင် ကြိုးစားနေထိုင်ရချိန်လို့ ဆိုနိုင်ပြန်ပါတယ်။
အဲဒီနေ့က ကျွန်မကျောင်းက ပြန်ချိန်မှာ မေမေက ကျွန်မအဝတ်အစားသေတ္တာထဲမှာ သိမ်းထားတဲ့သူ့ရဲ့စာတွေကို တွေ့သွားခဲ့ပြီဆိုတာကို အမေ့မျက်နှာကို မြင်ရုံနဲ့ ကျွန်မသိလိုက်ပါပြီ။
ထိတ်ခနဲ စိုးရိမ်သွားခဲ့တယ်။ အမေကလည်း ကျွန်မကို သူ့အကြောင်းမေးပါတယ်။
ပြီးတော့ အမေက ကျွန်မကိုဆူတယ်။
အဲဒီလိုသာ စိတ်ကစားနေရင် ဆယ်တန်းစာမေးပွဲကို ဘယ်လိုဖြေနိုင်မလဲလို့မေမေက ဆူတယ်၊အပြစ်တင်တယ်။
ပြီးတော့အဝေးမှာနေနေရတဲ့ အမေက ရည်းစားရှိနေတဲ့ သမီးကို ဘယ်လိုလုပ် စိတ်ချနိုင်မလဲ ၊ အမေရင်ပူတယ်တဲ့…အဲ့ဒီစကားတွေက ကျွန်မရင်ထဲမှာ တော်တော်လေးထိခိုက်စေခဲ့တယ်။
ကျွန်မက ဖေဖေတို့ မေမေတို့ကို ထိခိုက်မှာ ကို စိုးရိမ်တတ်တဲ့ သမီးမျိုးပါ။
ဖေဖေကလည်း ကျွန်မကို မဆူပေမဲ့ မျက်နှာပျက်နေခဲ့တယ်။
ဖေဖေ မျက်နှာပျက်နေတာက ကျွန်မကို ပိုပြီး ဝမ်းနည်းစေတယ်။
ရည်စားထားနေတဲ့ သမီးကို ဘယ်လို စိတ်ချလက်ချ အိမ်မှာ ထားခဲ့ရမလဲ ဆိုတဲ့ စကားနဲ့
ကျွန်မအတွက် ရင်မအေးရဘူးဆိုတာက ကျွန်မ စိတ်ကို ပိုပြီး ထိခိုက်စေခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဖေဖေက နိုင်ငံရေးအကျပ်အတည်းတွေ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန် ကျွန်မက သမီးကြီးအနေနဲ့ မောင်လေးနဲ့ ညီမလေးကိုစောင့်ရှောက်နေထိုင်ရသလို ဆယ်တန်းမို့ ကျောင်းစာနဲ့အတူတူ ကိုယ့်ကိုကိုယ်လည်းစောင့်ရှောက်နေထိုင်ရချိန်မှာ ဒီလိုရည်းစားထာမိတာ မဟာအပြစ် ၊ ကျွန်မဟာ မကောင်းတဲ့သူ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ ခံစားသွားရပြီးကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးတော့ဘူး။
နှလုံးသားကို အလိုလိုက်ခဲ့မိတဲ့ ကျွန်မကို ကျွန်မ အပြစ်တင်လိုက်မိတယ်။
မေမေက မရိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ ကျမကို ကျမ အပြစ်တင်မိခဲ့တယ်၊ မိုက်တယ်၊ မလိမ်မာဘူး ဆိုတဲ့ စကားကို မဆိုခဲ့ပေမဲ့ ကျမ စိတ်ထဲမှာ အဲလိုပဲ ခံစားခဲ့ရတယ်။
ကျွန်မဟာ မိဘအပေါ်မှာ မသိတတ်ပါလား၊ ကျွန်မကြောင့် ဖေဖေနဲ့ မေမေ စိတ်ဆင်းရဲရပါလား ဆိုတဲ့ အတွေးဟာ ကျွန်မကို ကိုယ့်ကိုယ်ကို မုန်းတီးသွားစေခဲ့တယ်။
ပြီးတော့ ကျွန်မဟာ သူနဲ့ စာတွေအပြန်အလှန်ပေးခဲ့မိတဲ့အတွက် နောင်တရသလို ခံစားချက်တွေလည်း ဝင်လာစေခဲ့တယ်။
တကယ်တော့ ကျွန်မတို့ရဲ့ သမီးရည်းစားဘဝဆိုတာ စာခြင်းအပြန်အလှန်ရေးရုံ တစ်လမှာ တစ်ခါလောက် သီချင်းလာဆိုတာလွဲလို့ အခြားဆက်သွယ်မှုမျိုးလည်း လုံးဝမရှိခဲ့ကြပါဘူး။
ဒါပေမယ့် ဒီလိုအခြေအနေမှာ ကျွန်မတို့အတွက် မိသားစုကအရေးအကြီးဆုံးလို့ နားလည်လိုက်တဲ့အတွက် သူ့အပေါ်မှာ ရက်စက်ခဲ့မိတော့တာပါပဲ။
အဲဒါနဲ့ မေမေ့ကို ကျွန်မကတိပေးခဲ့ပါတယ်။ ဆယ်တန်းမအောင်မချင်း သူ့ကိုအဆက်အသွယ်ဖြတ်ပါမယ်။ သူ့ကိုလည်း မေမေကိုယ်တိုင် သေချာရှင်းပြပေးဖို့နို့မို့ဆိုရင် ဘာကြောင့်မှန်းမသိပဲနဲ့ သမီးကို စိတ်နာသွားမှာ စိုးရိမ်တယ်လို့ မေမေ့ကိုတောင်းဆိုခဲ့ပါသေးတယ်။ တကယ်လည်း ကျွန်မရင်ထဲမှာ သူတစ်ခုခုကြောင့် နာကျင်သွားရမှာကို စိုးရိမ်ခဲ့မိတယ်။ ကျွန်မကြောင့် သူ့ကို မနာကျင်စေချင်ဘူး၊ ဘယ်လို ထိခိုက်မှုမျိုးမှလည်း မဖြစ်စေချင်ပါဘူး။
အဲဒါနဲ့ သူနဲ့ မေမေကိုတွေ့ပေးဖို့ စီစဉ်ခဲ့တယ်။ ကျွန်မ ငယ်သူငယ်ချင်း လှိုင်ဦးကို သူ့ကို သွားပြောပေးပါ၊ မေမေက သူနဲ့ ကျွန်မရဲ့ အကြောင်း သိသွားလို့၊ ဆယ်တန်းမအောင်မချင်း ရည်းစားမထားတော့ပါဘူး၊ သူ့ကို ဆယ်တန်းမအောင်မချင်း ရည်စားအနေနဲ့ အဆက်အသွယ်မလုပ်ပါဘူး ဆိုတာ မေမေ့ကို ကတိပေးခဲ့တယ်။ အဲဒါကို သူ့ကို သေချာရှင်းပြပြီး မေမေနဲ့ လာတွေ့ဖို့ ပြောပေးပါလို့ ပြောခဲ့တယ်။
ညပိုင်း ၇ နာရီလောက်မှာ သူ ရောက်လာခဲ့တယ်။
အိမ်ရှေ့ခန်းမှာ မေမေနဲ့ သူစကားပြောနေချိန်မှာ မေမေတို့စကားပြောနေတာကို မြင်နိုင်လောက်တဲ့ နေရာကနေ ကျွန်မစောင့်ပြီးနားထောင်နေခဲ့တယ်။ ဒါပေမဲ့ မေမေ ဘာတွေ ပြောနေသလဲ ဆိုတာကိုတော့ သေချာမကြားရပါဘူး။
မေမေက ဖြည်းဖြည်းအေးအေးပဲ သူ့ကိုစကားတွေပြောနေတယ်ဆိုတာကို မေမေ့ရဲ့ အမူအရာကို အကဲခတ်နေရင်း သိနို်တာပါ။ ဒါပေမဲ့ သူ့မျက်နှာကတော့ တဖြည်းဖြည်းနဲ့ မှုန်ရီမှိုင်းလာတယ်။
ပြီးတော့ အသားဖြူတဲ့ သူ့မျက်နှာတွေ နီလာတယ်။ နားရွက်လေးတွေ နီရဲလာတယ်။
ဘုရား..ဘုရား... မေမေ ...ဘာတွေ ပြောလိုက်ပါလိမ့် လို့ တွေးနေတုန်း
သူ့ခေါင်းဟာ ဇက်ကနေကျိုးကျသွားသလိုပဲ သူ့ ခေါင်းဟာ ငိုက်စိုက်ကျသွားတော့တယ်။
သူ့ရဲ့ အနေအထားကို မြင်လိုက်ရတာနဲ့ ကျွန်မရင်ထဲအောင့်သွားတယ်။
အသက်ရှုလည်း ကြပ်လာတယ်။
သွားပြီ... ကျွန်မမှားသွားပြီ၊
မေမေသူ့ကို ဘာတွေပြောသလဲ ကျွန်မသေချာမကြားရပေမဲ့ သူကတော့ ခံစားလိုက်ရပြီဆိုတာ
ကျွန်မ နားလည်လိုက်တယ်။
တကယ်တော့ သူဟာကျွန်မကို နှစ်သက်သဘောကျမိတဲ့သူပါ၊
သူ့မှာ အခြားအပြစ်ရယ်လို့လည်းရှိတာမဟုတ်ဘူး။
အဲဒါကို ကျွန်မအနေနဲ့ အခုလို စီစဉ်လိုက်မိတာက သူ့အပေါ်မှာ မတရားဘူးလို့ ကိုယ့်ကိုယ်ကို နားလည်လိုက်မိတယ်။
ကကယ်တော့ စိတ်ပူနေတဲ့မေမေ့ကို ကျွန်မကတိပေးပြီး သူ့ကိုလည်း ကျွန်မကပါ သေချာစာရေးပြီး ရှင်းပြပြီး ဖြေရှင်းလိုက်သင့်တာပါ။
ခုလို မေမေနဲ့တွေ့ပေးလိုက်ခြင်းအားဖြင့် သူ့ဘက်ကိုပါ
ထည့်ပြီး မစဉ်းစားလိုက်မိဘူးဆိုပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလိုက်ပါတယ်။
သူကတော့ ကျွန်မကို အပြစ်တင်လိုဟန်မရှိပေမယ့် အဲ့ဒီကတည်းက ခေါင်းငုံ့ထားလိုက်တာ ပြန်သွားတဲ့ အချိန်ထိ သူ့ခေါင်းဟာ ပြန်ထူမတ်မလာတော့ပါဘူး၊ သူ့မျက်ဝန်းတွေက နာကျင်စွာနီရဲနေတုန်းလား ဆိုတာလည်း ကျွန်မ သိခွင့်မရခဲ့ပါဘူး။
နောက်တော့ မေမေက သူ့ရှေ့မှာပဲ ကျွန်မကို ခေါ်ပြီး ဆယ်တန်းမအောင်မချင်းအဆက်အသွယ်မလုပ်ပါဘူး ဆိုတဲ့ ကတိက ကျွန်မတို့ ၂ ယောက်စလုံးက ဒီကတိကို ထိန်းပါမယ်ဆိုတဲ့အကြောင်းကိုလည်း စိတ်ချတဲ့အကြောင်းပြောပါတယ်။
သူ့ဆီက ဘာသံမှ ထွက်မလာပေမယ့် သူ့စိတ်ထဲ ဘယ်လိုနေမလဲဆိုတာ ကျွန်မသိပါတယ်။
အဲဒီနေ့က သူကျွန်မတို့အိမ်ကနေ ပြန်မထွက်ချင်မှာ ကျွန်မတောင်းပန်ချင်မိတယ်။
ဒါပေမယ့် အံကြိတ်ပြီး တင်းတင်းစေ့ထားတဲ့ သူ့နှုတ်ခမ်းတွေကို ငေးရင်းကျွန်မ ရင်ထဲစို့နင့်လာတယ်။
လည်ချောင်းတွေထဲက ဘာသံမှ ထွက်မလာနိုင်တော့ပါဘူး။
သူပြန်သွားပြီးချိန်မှာတော့ သူ့အပေါ်မှာ ရက်စက်လိုက်မိပြီလို့ ခံစားသွားလိုက်တဲ့အတွက် ကျွန်မမျက်ရည်ကျခဲ့တယ်။
ကျွန်မဟာ ကိုယ့်ကိုယ်ကို ပိုပိုပြီး မုန်းမုန်းလာတယ်။
ကျွန်မမှားသွားခဲ့ပြီ ...။
ကျွန်မမကောင်းဘူးနော် ၊ ကျွန်မက ရက်စက်တတ်သူ..ပါလား ။
ကိုယ့်ကိုယ်ကိုပဲ စဉ်းစားတဲ့သူဆိုပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းသလို ခံစားလာရပါတော့တယ်။
အချစ်အတွက် ပူလောင်စွာ မျက်ရည်ကျခဲ့ရတယ်ဆိုတာ အဲ့ဒီနေ့ပါပဲ။
အဲ့ဒီနေ့ကစပြီးတော့ အိမ်ရှေ့မှာ ဂစ်တာသံနဲ့ သီချင်းသံလည်း မကြားရတော့ပါဘူး။
လကုန်ရက်တိုင်း...ကြားနေကျ ဂစ်တာထံမကြားရတော့သလို.... သူ့ကိုလည်း မတွေ့ရတော့ပါဘူး။
ပူလောင်တဲ့ သောကအချစ် ဆိုတာကိုကြားဖူးပါသလား။
ခံစားဖူးပါသလား။
ချစ်ဖူးတဲ့သူတိုင်း ကြုံတွေ့ရမယ့် အချစ်ရဲ့ ခံစားချက်တစ်မျိုးလို့ နားလည်ထားပါတယ်။
အဲဒီလိုပူလောင်လှတဲ့ သောကချစ်မျိုးကို တော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အလွန်ကာလတွေမှာ
ကျွန်မကတော့ သောက အမျိုးမျိုးနဲ့ ကြုံတွေ့ရတော့တာပါပဲ။
၁၉၉၀ ရွေးကောက်ပွဲပြီးလို့ NLD ပါတီက မဲအများဆုံးအနိုင်ရခဲ့ပေမယ့် လွှတ်တော်လည်းမခေါ် ၊ NLD ပါတီကနေ ဆွေးနွေးဖို့ပြောဖို့ဆိုတာကိုလည်း မတုန့်ပြန်ဘဲနဲ့ ရက်တွေကနေ လတွေ၊ နှစ်တွေထိအောင် ကြာလာခဲ့တယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပုံအောပြီး မဲထည့်ခဲ့ကြတဲံ NLD ပါတီကို လွှတ်တော်မခေါ်ပေးတာ ၊ အာဏာလွှဲပြောင်းဖို့ မပါဘူးဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို ဥပေက္ခာပြုလိုက်တာ ၊ စစ်အစိုးရက လက်နက်မဲ့တဲ့ ပြည်သူတွေအပေါ်အနိုင်ကျင့်တာပဲလို့ ပြည်သူ အများစုက ခံစားနားလည်ခဲ့ကြတာလည်း တွေ့ရပါတယ်။
တပ်မတော်က ရွေးကောက်ပွဲကျင်းပတာ အာဏာလွှဲပြောင်းပေးဖို့မဟုတ်ဘူး ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံရေးဆွဲရမယ်ဆိုတုန်းက ပြည်သူတွေရဲ့ တောက်ခေါက်သံတွေ နဲ့ သတင်းစာဆရာတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေက ရေဒီယိုမှာ ပျံ့ဝဲကုန်ပါတော့တယ်။
အဲဒီအနိုင်ကျင့်မှုကို မြန်မာတစ်ပြည်လုံးက ဘယ်လောက်နာကျင်နေခဲ့သလဲဆိုတာ ဒီနေ့ ဒီအချိန်ထိ အဲဒီထဲက လူဆိုရင် ဘယ်စစ်ဗိုလ်ချူပ်တွေကိုမှ မယုံကြည်ရဲတော့တာ နောက်ဆက်တွဲ အကျိုးဆက်လည်းဖြစ်နိုင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတွေနဲ့ အနာဂတ်အတွက် အင်အားရှိလာတဲ့ ပြည်သူတွေရဲ့ ပီတိအပြုံးတွေကို ၁၉၉၀ နောက်ပိုင်းမှာ ပြန်မတွေ့တော့တာ အခုအချိန်ထိပါပဲ။
အဲလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြောင့် ရော ကျွန်မရင်ထဲက သောကမီးကြောင့်ရော ကျွန်မဟာ ပိုပိုပြီး နွမ်းလျလာခဲ့တယ်။
အဲဒီလို နွမ်းလျနေတဲ့ ကာလတွေမှာ စာကျက်နိုင်ဖို့ ကြိုးစားခဲ့ရတာ ၁၀ ဆယ်တန်းအောင်ဖို့ မနည်းကြိုးစားခဲ့ရတာလည်း မမေ့နိုင်သေးပါဘူး။
ဆယ်တန်းကျောင်းသူဘ၀မှာ ရည်းစားထားမိတဲ့ အတွက် အပြစ်ရှိသလို ခံစားရတဲ့ ခံစားချက်ထက်ပိုဆိုးတာကတော့ ...
ရှေ့ဆက်ဖော်ပြပေးပါမယ်။ အခန်း ၈ ကို ဖတ်ရှု့ရင်းနဲ့စာဖတ်သူများ ရင်ထဲ ထိခဲ့တဲ့ စာလုံးများအဖြစ်အပျက်များရှိရငလည်း ကျွန်မကို သိခွင့်ပေးပါနော်။ စာဖတ်သူတွေရဲ့ ကော်မန့်တွေဟာ ကျွန်မအတွက် စာဆက်ရေးနိုင်ဖို့ ခွန်အားတွေပါပဲ။
စာအုပ်ထဲမှာ မပါသေးတဲ့ အကြောင်းအရာတွေနဲ့ ခုနှစ်တွေကိုလည်းထပ်တိုးပြီးရေးသားနေပါတယ်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha-





Comments