top of page

ကျွန်မချစ်တဲ့သူတွေ ( အခန်း ၇ )


အညိုရောင်မျက်ဝန်းတစ်စုံရဲ့ ရစ်သမ်


မြင်မြင်ချင်းပဲချစ်မိတယ်….ဆိုတာကို သီချင်းအနေနဲ့ပဲကြားဖူးတယ်။ ဒါပေမယ့် တစ်ကယ်ကြုံရတဲ့အခါမှာတော့ မြင်မြင်ချင်းချစ်မိတဲ့ အချစ်ဟာ ထူးခြားတဲ့အချစ်လို့ ဆိုရပါလိမ့်မယ်။


ဒီဇင်ဘာလနံနက်ခင်းတစ်ခုမှာ ကျွန်မ တစ်ကြိမ်မှမမြင်ဖူးတဲ့သူတစ်ယောက်ကို ပထမဆုံးမြင်တွေ့လိုက်ရချိန်မှာပဲ မြင်မြင်ချင်းသဘောကျသွားမိခဲ့တယ်။


တစ်ကယ်တာ့ လူတစ်ယောက်ကို မြင်မြင်ချင်းသဘောကျနှစ်သက်မိသွားဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ကျွန်မက ဆယ်ကျော်သက်မတိုင်မီကတည်းက ကျွန်မကို ပိုးပန်းတဲ့သူတွေ ၊ ရည်းစားစာပေးတဲ့သူတွေ ၊ ရည်းစားစကားပြောတဲ့သူတွေလည်း ကြုံခဲ့ဖူးပါတယ်။


 ပတ်ဝန်းကျင်က သူတွေရဲ့စိတ်ဝင်စားခံရတဲ့သူအဖြစ်မျိုး ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူမိတာကလွဲလို့ထူးခြားတဲ့ ခံစားချက်မျိုးမခံစားခဲ့ရပါဖူး။


ဒါပေမယ့် အဲ့နေ့တုန်းက နှင်းမှုံတွေကြားထဲကနေ ဖြတ်ခနဲ မြင်လိုက်ရတဲ့ သူ့ရဲ့ အညိုရောင်မျက်ဝန်းတစ်စုံမှာ ထူးထူးခြားခြားခံစားလိုက်ရပါတယ်။ ရင်ခုန်တာမျိုးမဟုတ်ပဲနဲ့ တစ်သိမ့်သိမ့်နဲ့ ရင်ထဲမှာ နွေးထွေးမှု စီးဆင်းသွားတဲ့ ခံစားချက်မျိုးပါ။


ကျွန်မကတော့ အညိုရောင်မျက်ဝန်းတစ်စုံကို မြင်မြင်ခြင်းမှာပဲ သဘောကျစွဲလန်းသွားခဲ့ပါတယ်။ ပြောရရင် ညိုလဲ့လဲ့ မျက်ဝန်းတွေကို မကြာခဏ သတိရမိတော့တာပါပဲ။ တကယ်ပဲ သူ့နာမည် ၊ သူဘာလုပ်သလဲ ၊ သူဘယ်သူလဲဆိုတာ မသိပဲနဲ့ကို သဘောကျသွားခဲ့တာပါ။


အဲဒီနေ့ကစလို့ ကျွန်မဟာ အဲဒီမျက်ဝန်းတစ်စုံကို မကြာခဏသတိရသွားတတ်တာကလွဲလို့ သူနဲ့ပတ်သက်ပြီး စုံစမ်းတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အညိုရောင်မျက်ဝန်းတစ်စုံကိုတော့ မကြာခဏ သတိရနေမိတာလည်း ငြင်းမရနိုင်ပါဘူး။


ကျွန်မရဲ့ အနေအထားကလည်း ဖေဖေ့က ၁၉၈၈ နောက်ပိုင်းမှာ မကြာခဏဖမ်းဆီးခံနေရတဲ့အတွက်အိမ်မှာ ကျမကပဲ သက် ၁၂ နှစ်အရွယ်မောင်လေးနဲ့ အသက် ၂ နှစ်ဝန်းကျင်အရွယ် ညီလေးကို အစ်မကြီးတစ်ယောက်အနေနဲ့ ဖေဖေနဲ့မေမေ့ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်နေရတဲ့အချိန်တွေပါ။

ဒါပေမဲ့ ကံကြမ္ဓာဆိုတာ ရှိပါတယ်။


ကျွန်မဟာ သူ့ရဲ့မျက်ဝန်းတစ်စုံကို သတိရရုံကလွဲလို့ အခြားဘယ်လိုမျှော်လင့်ချက်မျိုးမှ မရှိခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့ သတင်းတွေက ကျွန်မဆီကို ရောက်လာတတ်သလို၊ သူကိုယ်တိုင်ကလည်း ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ထိ ကျွန်မရဲ့ အားထုတ်မှု တစ်စုံတစ်ရာ မပါဝင်ခဲ့ကြောင်းကို လိပ်ပြာသန့်သန့်နဲ့ ဝန်ခံနိုင်ပါသေးတယ်။


သူဟာ ကျွန်မတို့ထက် အသက် ၃ နှစ်ကျော်ကြီးသလို၊ အတန်းအားဖြင့်လည်း ၂ တန်းလောက်ကြီးပါတယ်။ သူဟာ ဆယ်တန်းအောင်ထားပြီး လားရှိုးတက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်နဲ့ပထမနှစ်တက်နေတဲ့အကြောင်း ကျွန်မ ကြားလာခဲ့ရတယ်။


အဲဒီအချိန်မှာ ကျွန်မတို့ မောင်နှမရဲ့ ကျောင်းစရိတ်အတွက်ဆိုပြီး အိမ်ရှေ့မှာ စာအုပ်ဆိုင်လေး ဖွင့်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ဖေဖေအဖမ်းခံရတိုင်း ကျွန်မတို့မှာ ငွေကြေးအခက်အခဲတွေနဲ့ ကြုံတွေ့ရတာမို့ မောင် နှမ နှစ်ယောက်တိုင်ပင်ပြီး စီးပွားရေးလေးလုပ်ဖို့စဉ်းစားခဲ့ကြပါတယ်။


ကျွန်မတို့မှာ ဖေဖေ နိုင်ငံရေးစလုပ်တဲ့ အချိန်ကစပြီး

ဖေဖေ့ ဝင်ငွေမရှိတော့တဲ့အတွက် မိသားစုတွင်း လိုအပ်ချက်တွေကလည်း များလှပါတယ်။ ဒါပေမဲ့ ဖေဖေ့ကိုလည်း နိုင်ငံရေးစိတ်ဖြောင့်ဖြောင့် လုပ်စေချင်တဲ့ စိတ်၊ အဝေးမှာ နေရတဲ့ အမေ့ကိုလည်း အပူမကပ်ချင်တဲ့ စိတ်နဲ့ ကျွန်မတို့ မောင်နှမ နှစ်ယောက်တိုင်ပင်ပြီး မန္တလေးက အဒေါ်တွေပေးတဲ့ မုန့်ဖိုးတွေကို စုခဲ့ကြတယ်။ ပြီးတော့ ပြင်ဦးလွင်ကနေ စာအုပ်တွေမှာယူရင်းနဲ့ အိမ်ရှေ့မှာ စာအုပ်အငှားဆိုင်လေး စပြီးဖွင့်ခဲ့ကြတာပါ။


အဲဒီ့ဆိုင်လေးမှာ ကျွန်မတို့ မောင်နှမရဲ့ အဲ့ဒီဆိုင်မှာ မဂ္ဂဇင်းလေးတွေနဲ့ ကာတွန်းတွေကို အဓိကတင်ထားခဲ့တယ်။ မေမေက ဝတ္ထုတင်ရင် လူပျိုတွေကလာပြီး ကျွန်မကိုလည်း ရည်းစားထားတတ်သွားမှာစိုးလို့ဆိုပြီး မေမေက ဝတ္ထုစာအုပ်တွေ တင်ခွင့်မပြုပါဘူး။ ဒါပေမယ့် ကျွန်မအနေနဲ့ မျက်ဝန်းတစ်စုံကို စွဲလန်းသွားခဲ့တာ မေမေ့ကိုတော့ မပြောပြဖြစ်ခဲ့ပါဘူး။


သူနဲ့ကျွန်မ မျက်ဝန်းဆုံချင်းဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ ကျမ ကိုမြင်တွေ့နိုင်တဲ့ နေရာကို ရောက်လာတော့တယ်။


ကျမရဲ့စာအုပ်ဆိုင်ကို လာငှားတာမျိုး မဟုတ်သေးဘဲ၊ ကျွန်မတို့ဆိုင်ရှေ့က လှိုင်ဦးရဲ့ ဆံပင်ညှပ်ဆိုင်တန်းလေးမှာလာထိုင်ရင်း ကျမရှိနေတဲ့ နေရာကို အကဲခတ်သလို လှမ်းလှမ်းကြည့်နေတတ်တာလည်း တွေ့ရပါတော့တယ်။ သူနဲ့ အကြည့်ဆုံသွားတိုင်း ရှက်ပြုံးပြုံးပြီး ခေါင်းငုံ့မိတာကလည်း သူ့အတွက် စွဲဆောင်မှုတစ်ခုဖြစ်နေလိမ့်မယ်လို့လည်း မထင်မှတ်ခဲ့ပါဘူး။


 အဲ့လိုနဲ့ သူက ကျွန်မတို့ဆိုင်မှာ စာအုပ်လာငှားပါတယ်။ ပထမဆုံး လာငှားတဲ့ နေ့မှာပဲ...သူ့ နာမည်ကို မမေးရဲခဲ့လို့ မျက်ဝန်းညို လို့ပဲ အမည်စာရင်း သွင်းလိုက်မိတယ်။ အဲ့အမည်ကို တွေ့တော့ သူက ပြုံးတယ်။

ပြုံးလိုက်တဲ့ အခါတိုင်း သူ့မျက်ဝန်းတွေက ပိုပြီး တောက်ပသလို သူ့ရဲ့ အပြုံးက သူ့မျက်နှာကိုပိုပြီး လင်းလက်သွားစေတယ်။


အဲဒီစာအုပ်ဆိုင်လေးကို သူဟာ မကြာခဏလာငှားရင်းနဲ့ ကျွန်မ ရှေ့ကို ရောက်လာခဲ့တယ်။


 နောက်တော့ တစ်နေ့တစ်ခေါက်ပုံမှန်လာပြီး စာအုပ်ငှားတော့တာပါပဲ။


စာအုပ်လာငှားတဲ့အခါတိုင်း ကျွန်မတို့စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။


ပြောဖြစ်တယ်ဆိုတာကလည်း သူ့ရဲ့ မေးခွန်းတွေကို ကျွန်မက ဖြေလိုက်၊ ကျွန်မကို သူ သိချင်တာတွေ ပေးလိုက်တဲ့ အပြန်အလှန်အမေးအဖြေလုပ်ရင်း ပြောခဲ့တဲ့ စကားတွေပါပဲ။


ခုချိန်မှာ ပြန်တွေးကြည့်မယ်ဆိုရင်တော့ မှတ်မှတ်ရရ သူ မေးတဲ့ မေးခွန်းတွေက ပြုံးချင်စရာကောင်းပါတယ်။ ကျွန်မတို့ စိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် သဘောကျနေတဲ့ စိတ်ရှိကြပေမဲ့လို့ မေးတဲ့မေးခွန်းတွေကတော့ သမီးရည်းစားစကားမျိုးတွေ မဟုတ်ပါဘူး။


သူမေးတတ်တာက ဘာသာရပ်တွေထဲမှာ ဘယ်ဘာသာရပ်ကို စိတ်ဝင်စားလဲ...ဆိုတာမျိုး၊ မိတ်ဆွေနဲ့ သူငယ်ချင်း တူသလား ဆိုတာမျိုး...ပြီးတော့ ဘယ်လိုစာပေမျိုးက ဖတ်ချင်သလဲ ဆိုတာမျိုး တွေပါ။ ကျွန်မကလည်း သူ့ကို ပြန်မေးတတ်တာ ရှိပါတယ်။ မှတ်မှတ်ရရ ကျွန်မက သူ့ကို ကဗျာအကြောင်း မေးခဲ့ဖူးတယ်။ အမျိုးသမီး ကဗျာဆရာမနဲ့ အမျိုးသားကဗျာဆရာ ဘယ်သူ့အရေးအသားတွေက ပိုပြီး လူတွေကို နှစ်သက်စေသလဲ ဆိုတာမျိုးတွေပါပဲ။


အဲဒီအကြောင်းကျွန်မနဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့က ရယ်ကြတယ်။ နင်တို့နှစ်ယောက်ကလည်း ဉာဏ်စမ်းပဟေဋ္ဌိဖွက်နေသလိုပဲ လို့လည်း ဆိုကြပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူနဲ့အဲလို စကားပြောနေရတဲ့ အချိန်တွေမှာ ပျော်မိတယ်။


နောက်တော့ သူကနောင်ချိုမြို့နယ်ထဲက ကားလမ်းတောင်မပေါက်တဲ့ ကျေးရွာငယ်လေးတစ်ခုမှာ သွားရောက်တာဝန်ထမ်းဆောင်တဲ့ မူလတန်းပြဆရာလေးလုပ်ပါတယ်။


သူ့အလုပ်နဲ့ သူ့ဘဝအတွက် ရွေးချယ်မှုကို သိလာရတဲံအခါ သူ့ကိုပိုပြီး နှစ်သက်သွားမိတယ်။

ကျွန်မက အတ္တမကြီးတဲ့သူ ၊ အနစ်နာခံတတ်တဲ့သူ စိတ်ထားရှိသူတွေနဲ့အများအကျိုးဆောင်တတ်တဲ့သူတွေကို သဘောကျတတ်တဲ့သူမျိုးပါ။


တစ်လလုံး အဲ့ဒီရွာလေးမှာ တာဝန်ခံကျောင်းဆရာလေးအဖြစ်သူက သူ့သူငယ်ချင်းနဲ့ အတူတူ သွားရောက်တာဝန်ထမ်းဆောင်ကြရင်း လကုန်မှာ လစာငွေထုတ်ဖို့အတွက် နောင်ချိုမြို့ကို ပြန်လာရပါတယ်။ သူနောင်ချိုမြို့ကို ရောက်လာတဲ့အချိန်တိုင်း ကျွန်မတို့ဆိုင်မှာ လာပြီးစာအုပ်ငှားပါတယ်။ ပြီးတော့ ညဘက် အိမ်ရှေ့မှာ ဂစ်တာတီးပြီး သီချင်းလာဆိုလေ့ရှိပါတယ်။


သူအမြဲဆိုတတ်တဲ့ သီချင်းတွေက အဆိုတော် တူးတူးရဲ့ အကြင်နာအကြည့်တွေရဲ့ အကြောင်း၊ အဆိုတော်စိုင်းထီးဆိုင်ရဲ့ ချစ်တာတစ်ခုတည်းကိုသိတယ် ၊ ဖိုးချိုရဲ့ ချစ်သူကို ၊ အဆိုတော်ခင်မောင်တိုးရဲ့ မဟာဆန်သူ ၊ နှင်းဆီပန်သူ အဲ့ဒီသီချင်းအေးအေးလေးတွေကို အမြဲဆိုတတ်ပါတယ်။


သူ့အသံကလည်း အေးတဲ့ အသံမျိုးုဖြစ်တဲ့အတွက် သူ့အသံကိုနားထောင်ရတာကိုက

ကျွန်မအတွက် ကြည်နူူးစရာတစ်ခုဖြစ်လာခဲ့တယ်။


သူကလည်း သူ့အသံနဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို ဂစ်တာတီးပြီးဆိုတတ်တဲ့သူပါ။ အဲဒီသီချင်းသံကိုကြားရပေမယ့် နောက်နေ့ဆို သူ့ကို ဘယ်လိုမှမတွေ့ရတော့ပါဘူး။ နောက်မှ သိရတာက သူက လစာထုတ်ပြီး ရက်ဆိုရင် သူတာဝန်ကျတဲ့ ရွာကို ပြန်ပြီး စာသင်ရပါတယ်။


အဲဒီလိုနဲ သူနဲ့ ကျွန်မ ရည်းစားမဖြစ်ပဲနဲ့ တစ်ယောက်ကို တစ်ယောက် သဘောကျနေခဲ့တဲ့ အချိန်တွေက တော်တော်ကြာပါတယ်။


တစ်နှစ်လား နှစ်နှစ်လားဆိုတာ ကျွန်မသေချာမမှတ်မိတော့ပေမယ့် သူကလည်း သေချာအချိန်ယူစဉ်းစားပြီးမှ ဖွင့်ပြောခဲ့တယ်ဆိုတာကိုတော့ မှတ်မိနေပါသေးတယ်။


တစ်ကယ်တော့ သူနဲ့ ကျွန်မဟာ မဆုံနိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းဆိုတာကိုတော့ နောက်ပိုင်း ကာလတွေမှာမှ သိလာရတာပါ။


အဲ့ဒီတုန်းက ကျွန်မက သူ့ကို တိတ်တိတ်ကလေး သဘောကျနေမိပြီး သူတစ်လတစ်ကြိမ်ဆိုင်ကိုလာတတ်တာနဲ့ တစ်လမှာ တစ်ညလာဆိုတတ်တဲ့ သူ့သီချင်းသံတွေကိုပဲ စောင့်နားထောင်ခဲ့ရတာ လပေါင်းများစွာပါပဲ။


ကျွန်မအနေနဲ့ကတော့ သူ့ရဲ့ သီချင်းသံကိုပဲ ပုံမှန်စောင့်နားထောင်နေရင်းနဲ့ စိတ်ကျေနပ်နေခဲ့သလို သူသည်လည်းပဲ ကျွန်မကို တစ်လတစ်ကြိမ်မြင်တွေ့နေရရင် စိတ်ကျေနပ်နေခဲ့မှာပဲလိုစိတ်ထဲအလိုလိုတွေးရင်း ကြည်နူးနေခဲ့ရတဲ့ရက်တွေပဲလို့ဆိုချင်ပါတယ်။


တစ်ခါတစ်ရံမှာတော့ သူဆိုတတ်တဲ့ သီချင်းတွေကို ခပ်တိုးတိုးညည်းရင်းနဲ့ပဲ စာသားတွေက ကျွန်မကိုပြောချင်တာတွေပဲလားလို့ စိတ်အထင်နဲ့ ရင်ခုန်နေခဲ့တာကလည်း ရူးခဲ့ရတာပဲလို့ ဆိုချင်ပါတယ်။

အဲ့လိုနဲ့ တစ်လလုံးမှာ ကျွန်မမျှော်လင့်မိတဲ့အချိန်ကတော့ သူနောင်ချိုကို ပြန်လာမယ့်ရက်နဲ့ သူ့သီချင်းသံကိုကြားရမယ့်အချိန်ကိုပါပဲ။ သူကလည်း လစဉ်လတိုင်း သူနောင်ချိုမှာရှိတဲ့ ညတွေမှာ သီချင်းလာဆိုခဲ့တာ ပျက်ကွယ်တယ်လို့ကို မရှိခဲ့ပါဘူး။ ကျွန်မလည်း သူ့ရဲ့သီချင်းသံတွေနားထောင်ရင်းနဲ့ပဲသူ့ကို ကျွန်မ တစိမ့်စိမ့် စွဲလန်းလာခဲ့မိပါတယ်။


အဲ့လိုနဲ့ တစ်လသော လကုန်ရက်မှာတော့ သီချင်းသံလုံးဝမကြားခဲ့ရတဲ့ ညတစ်ညနဲ့ မှတ်မိနေသေးတဲ့ အဖြစ်အပျက်အချို့ရှိခဲ့ပါတယ်။


ပုံမှန်အားဖြင့်ဆိုရင်တော့ ည၈ နာရီခွဲကနေ၉နာရီဝန်းကျင်လောက်မှာ သီချင်းသံကြားရပါတယ်။ အဲ့ဒီညကတော့ ည ၁၀ နာရီထိုးပြီးချိန်ထိမကြားရသေးပါဘူး။ ဘာဖြစ်လို့ပါလိမ့်ဆိုပြီးအတွေးနဲ့ကျွန်မရဲ့ အခန်းကျဉ်းလေးထဲမှာ မီးမှောင်မှောင်ထဲမှာ တိတ်ဆိတ်စွာထိုင်နေမိတယ်။


တစ်အိမ်လုံးအိပ်ပျော်သွားချိန်မှာ ကျွန်မဒီအတိုင်းပဲထိုင်နေမိတာ၊ အတွေးတွေကလည်း မပြတ်တော့ဘူး ၊ သူက ကျွန်မထက် အတန်း ၂ တန်း ၊ ၃ တန်းကြီးတဲ့သူဖြစ်နေတဲ့အတွက် ပြီးတော့သူ့မှာလဲရည်းစားရှိနိုင်တာပဲ၊ ပြီးတော့ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိခဲ့တဲ့ ကျွန်မကို စိတ်ပျက်သွားလေသလား ၊ အမျိုးမျိုးတွေးလေ ဝမ်းနည်းပြီး ငိုချင်လာလေပါပဲ။ အဆွေးစိတ်ဟာတမြည့်မြည့်ကျွမ်းတယ်လို့ဆိုရမလား။


တကယ်တော့ သူဟာလည်း ကျွန်မနဲ့အမှတ်မထင် ဆုံစည်းလိုက်တဲ့ ဒီဇင်ဘာမနက်ခင်းတစ်ခုမှာ ကျွန်မလိုပဲ မှတ်မှတ်ထင်ထင်ရှိသွားပုံရပါတယ်။ ဒါပေမဲ့ ကျွန်မကို တော်တော်နဲ့ မချဉ်းကပ်ခဲ့ပါဘူး။


ကျွန်မကို ခပ်ဝေးဝေးကနေ စောင့်ကြည့်နေခဲ့သေးတာပါ။ တော်တော်ကြာအောင် ကြည့်နေခဲ့ပြီးမှ ကျွန်မရှေ့ကိုရောက်လာခဲ့တယ်။ ကျွန်မ ဆိုင်မှာ စာအုပ်လာငှားရင်းနဲ့ စကားတွေကိုလည်း ရက်တွေအတော်ကြာအောင် ပြောခဲ့ပါတယ်။ ကျွန်မကို ချစ်တယ်ဆိုတာမျိုး စိတ်ဝင်စားတယ်ဆိုတာမျိုး အလွယ်တကူ မပြောခဲ့ပါဘူး။အဲဒါဘာကြောင့်လဲ ဆိုတာကို ဟိုစဉ်တုန်းက ကျွန်မတွေးတတ်ခဲ့ဘူး။


ခုလို သူ့ခံစားချက်တွေကို ကိုယ့်အတွေးနဲ့ကိုယ်ခန့်မှန်းနေရတဲ့ သောကဝေဒနာဟာလည်း ရင်ကို ပူလောင်စေပါတယ်။ရင်ထဲမှာတော့ တစ်မျိုးကြီးဖြစ်နေပြီး အမျိုးမျိုးကို တွေးနေမိတော့တာပါ။ အတွေးတွေက ကွင်းဆက်ကလေးတွေ ကုန်သွားခဲ့ပါတယ်။ တစ်မှေးမှအိပ်မပျော်တဲ့ညဆိုတာ အဲ့ဒီလိုညမျိုးကိုဆိုလိုတာပဲ ဆိုတာကို ကျွန်မနားလည်သွားပါတယ်။


နောက်နေ့နံနက်ကျောင်းသွားဖို့ပြင်ဆင်တော့ မနေ့ညက အိပ်မပျော်ခဲ့တဲ့အတွက် ရင်တုန်နေတယ်။

အဲ့ဒီနှစ်က ၁၀ တန်းကျောင်းသူမို့ ကျောင်းစာကလည်းအရေးကြီးတဲ့အတွက် ကျောင်းမပျက်အောင် ဂရုစိုက်ရပါတယ်။ အဲ့လိုနဲ့ပဲ စိတ်နွမ်းနွမ်းနဲ့ပဲကြိုးစားပြီး ကျောင်းဆီကို လျှောက်လာခဲ့တယ်။


နောင်ချိုမြို့ အထက (၁) ရှေ့က မန္တလေး - လားရှိုးသွားကားလမ်းမကြီးမှာလည်း နှင်းတွေဝေနေတယ်။

ကျွန်မတို့ရဲ့ ၁၀ တန်းကျောင်းဆောင်ကို ကျောင်းဘေးကနေပတ်သွားတော့ လမ်းဘေးတစ်ဖက်မှာ စိန်ပန်းပင်တွေရှိတယ်။ အဲ့လိုစိန်ပန်းပင်တွေအကြွေတွေနဲ့ လမ်းမှာ လည်း နှင်းတွေမှုန်နေအောင်ကျနေတယ်။


အဲဒီနေ့ကလည်း နှင်းမှုန်တွေက လွမ်းစရာကောင်းလိုက်တာလို့ တွေးနေတဲ့ ကျွန်မနှင်းမှုန်တွေကြားကနေ ဖြုတ်ခနဲ တွေ့လိုက်ရတဲ့ အရိပ်ကြောင့်ကျွန်မရဲ့ နှလုံးတွေခုန်တွေ မြန်လာရပါတယ်။

အဲ့ဒီနှင်းမှုန်တွေကြားကို အာရုံစိုက်ကြည့်လိုက်တော့ အရိပ်ကလေးနှစ်ခုကိုတွေ့လိုက်ရတယ်။

ဖျတ်ခနဲ့ ရင်ခုန်သွားပြန်တယ်။


အဲ့ဒါသူလား ၊ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ သေချာသွားတယ်။


သူရယ် သူနဲ့ အမြဲတွဲနေတဲ့ သူ့သူငယ်ချင်းရယ် ၊ စက်ဘီးတစ်စီးနဲ့ကျောင်းဘေးပေါက်ဝင်နားက အပင်ကြီးအောက်မှာ လာရပ်နေကြတာ။ သူတစ်ယောက်ယောက်ကို လာစောင့်နေတာလား ။

အဲ့ဒီလာစောင့်နေတဲ့သူက ကျွန်မလား။


ကျွန်မလှစ်ခနဲ့ ပြုံးလိုက်မိတယ်။


ဒါပေမယ့်သူ့ကိုတော့ အဲ့ဒီအပြုံးကိုမြင်စေချင်ဘူး။


ပြီးတော့ ခုလိုအိပ်ပျက်လောက်အောင် ခံစားနေရတာကိုလည်း မသိစေချင်ဘူး။

ကျွန်မရှက်တယ်။


စက်ဘီးကိုတွန်းလျှောက်ရင်းနဲ့ ကျွန်မက သူတို့နဲ့ တဖြည်းဖြည်းချင်းနီးလာတယ်။


နီးလာလေ ဘယ်နှယ့်လုပ်လျှောက်ရမလဲလို့တွေးပြီး သူတို့ဘေးကနေဘယ်လိုဖြတ်လျှောက်သွားရမလဲ။

မတွေ့တာကြာပြီလို့ နှုတ်ဆက်ရမလား ။


ပြုံးပြလိုက်ရမလား အတွေးတွေနဲ့ စိတ်ထဲမှာ ကြိုစဉ်းစားနေမိတယ်။


စိတ်ထဲမှာ တစ်ကယ်တော့ နှုတ်လည်းမဆက်ချင်ဘူး။


သူ့ရှေ့ကနေမသိမသာနဲ့ပဲ မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။


ဒါပေမယ့် သူတို့နားရောက်လာလေ ကျွန်မနှလုံးတွေတုန်ပြီး လမ်းဆက်လျှောက်လို့မရချင်တော့ဘူး။

ဒူးတွေလည်းမခိုင်ချင်တော့ပါဘူး။


အဲ့လိုနဲ့ သူတို့ဘေးကနေ ဘယ်လိုလျှောက်သွားရမလဲဆိုတာကို မသိတော့ပြန်ဘူး။


သူတို့နားမရောက်ခင်မှာပဲ သူကလည်း ကျွန်မရှေ့နားဆီကို တဖြည်းဖြည်းလျှောက်လာတာတွေ့ရတယ်။


သူကိုယ်တိုင်လည်း လန်းလန်းဆန်းဆန်းမရှိပါဘူး။ နွမ်းနေတယ်။


သူ့အကြည့်တွေက နွမ်းလျနေပြန်တယ်။


ကျွန်မရှေ့ရောက်တော့ သူကရပ်လိုက်တယ်။


ကျွန်မဘယ်လိုမှ သူ့မျက်ဝန်းတွေကို မကြည့်ရဲတော့ဘူး။ ခေါင်းငုံ့လိုက်တော့ ဖြူဖွေးနုနေတဲ့ သူ့ခြေထောက်လေးတွေကို မြင်နေရတယ်။


ကတ္တီပါဖိနပ်အညိုစီးထားတဲ့ သူ့ခြေချောင်းလေးတွေက ကြေးညှော်ကင်းပြီး ဖြူသန့်ပြီးကြည်နေတယ်။ ယောင်္ကျားလေးဖြစ်ပေမယ့် ခြေချောင်းလေးတွေ သန့်လိုက်တာလို့ ကျွန်မတွေနေရင်းနဲ့ ရင်ခုန်သံတွေ ဆူညံနေပြီ။


သူ့ကိုမော့မကြည့်ရဲပေမယ့် စိတ်အားတင်းပြီး မော့ကြည့်တော့ သူက ကျွန်မရှေ့မှာရပ်ပြီး ကျွန်မကို တွေပြီး ငေးကြည့်နေတယ်။


သူ့မျက်လုံးတွေက ဝေပြီး မှိုင်နေတယ်။ သူ့နှုတ်ခမ်းတွေက ဆတ်ခနဲ တုန်သွားကြတယ်။

ကျွန်မကိုယ်တိုင်လည်း ပြုံးလို့မရနိုင်လောက်အောင်နှုတ်ခမ်းတွေက မြဲနေလိုက်တာ။

ဘယ်လိုလုပ်ပြီးတော့ပြုံးနိုင်မှာလည်း ။


 သူက တုန်နေတဲ့ နှုတ်ခမ်းတွေနဲ့ ကြိုးစားပြီး တစ်ချက်ပြုံးပြတယ်။


 ပြီးတော့ သူ့လက်ထဲမှာ ပါလာတဲ့ စာအုပ်လေးတစ်အုပ်ပေးပြီး ပြန်လှည့်ထွက်သွားတယ်။

အဲ့ဒီစာအုပ်လေးထဲမှာ ပန်းရောင်စာအိတ်စွန်းလေးထွက်နေတာကို ကျွန်မတွေ့လိုက်ရတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။


အခန်း ၇ကို ဖတ်ရှု့ရင်းနဲ့စာဖတ်သူများ ရင်ထဲ ထိခဲ့တဲ့ စာလုံးများအဖြစ်အပျက်များရှိရငလည်း ကျွန်မကို သိခွင့်ပေးပါနော်။ စာဖတ်သူတွေရဲ့ ကော်မန့်တွေဟာ ကျွန်မအတွက် စာဆက်ရေးနိုင်ဖို့ ခွန်အားတွေပါပဲ။


စာအုပ်ထဲမှာ မပါသေးတဲ့ အကြောင်းအရာတွေနဲ့ ခုနှစ်တွေကိုလည်းထပ်တိုးပြီးရေးသားနေပါတယ်။


မေတ္တာဖြင့်


May Thingyan Hein-Myitmakha

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page