top of page

ကျွန်မချစ်တဲ့သူတွေ ( အခန်း ၆ )



၁၉၉၀ ရွေးကောက်ပွဲကိုဖြတ်သန်းခြင်း


၁၉၉၀ ရွေးကောက်ပွဲ နှင့်ပတ်သတ်ပြီး ကျွန်မမှတ်မိနေတဲ့ထဲမှာ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပွားတတ်တဲ့ အကြမ်းဖက်မှုတစ်ချို့လည်းပါဝင်ခဲ့ပါတယ်။


အဲ့ဒီတုန်းကလည်း ဘယ်သူ့ဘယ်ဝါလက်ချက်မှန်းမသိခဲ့ရတဲ့ လက်သည်မပေါ်တဲ့ အကြမ်းဖက်မှုအချို့လည်း ဖေဖေတို့အန်အယ်ဒီပါတီဝင်တွေမှာ တွေ့ကြုံခဲ့ရပါသေးတယ်။


 နောင်မှသိရတာကတော့ ဒီလိုအဖြစ်အပျက်မျိုးတွေကနောင်ချိုမှာမှကြုံတွေ့ရတာမဟုတ်ပါဘူး။ တစ်ပြည်လုံးဖြစ်ခဲ့တယ်ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးမှ ပြန်သိရပြန်ကြားခဲ့ရတာပါ။


ကျွန်မမှတ်မိနေတာကတော့ နောင်ချိုနဲ့ပြင်ဦးလွင်မြို့နယ်ကြားက နောင်သခေါ ဆိုတဲ့ ရွာတစ်ရွာမှာထင်ပါတယ်။ တိတိကျကျမမှတ်မိတော့ပါဘူး။ ဖေဖေအပါအဝင် ပါတီဝင်တွေက မဲပေးဖို့အတွက် ပညာပေးနေတုန်း ဘယ်သူမှန်းမသိတဲ့သူတွေက အိမ်ကို ခဲနဲ့ဝိုင်းပေါက်ကြတယ်။ ပါတီဝင်အချို့လည်း ဒဏ်ရာရခဲ့ပါတယ်။


အဲ့ဒီအဖြစ်အပျက်ကို ဖေဖေက နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို သွားတိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အရေးယူခဲ့ခြင်းမရှိခဲ့ပါဘူး။


အဲ့ဒီနောက်ပိုင်းမှာ ကျွန်မစိတ်ထဲမှာစွဲသွားတာကတော့ နောက်ပိုင်းမှာ ချစ်တဲ့သူရှိရင် မုန်းတဲ့သူ မျက်မုန်းကျိုးနေတဲ့သူတွေလည်းရှိတယ်ဆိုတဲ့ သဘာဝကို ကျွန်မသိလာခဲ့ရတယ်။ နောက်တစ်ချက်ကတော့ မနာလိုမှုရဲ့အားဟာ အကောင်းထက် အဆိုးကိုသာဖြစ်စေပြီး အမှားဘက်ကိုသာယိမ်းယိုင်စေတာပဲ ဆိုတာကိုလည်း သိခွင့်ရလိုက်ပါတယ်။


ရန်ကုန်မြို့အပါအင် မြို့ကြီးမှာ နေထိုင်သူတွေကတော့ အဲ့ဒီလို ဖိနှိပ်မှုတွေနဲ့ ပြင်းထန်မှုကို ကြုံနေရတယ်လို့ သတင်းတွေကြားနေရပေမယ့် ကျွန်မတို့နောင်ချို့မြို့မှာတော့ အဲ့လောက်ကြီးပြင်းပြင်းထန်ထန် ဝိုင်းပြီး ဖိနှိပ်ကြတာမျိုးသိပ်တော့မရှိခဲ့ပါဘူး။ တစ်ကယ်တော့နောင်ချိုမြို့ဆိုတာ စစ်တပ် ၃ တပ်ဝန်းရံထားတဲ့တဲ့ မြို့လေးပါ။ နောင်ချိုမြို့ရဲ့ တစ်ဖက်မှာခြေလျင် ၁၁၄ နဲ့ ၁၁၅ ရှိပြီး တစ်ခြားတစ်ဖက်မှာတော့ ၁ရ တပ်ရင်းတို့ရှိပါတယ်။


သည်ကြားထဲမှာ အဲ့ဒီတုန်းက စစ်တပ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ခေါ်တဲ့ တစည ပါတီကို မဲထည့်ဖို့ တပ်တွင်းမှာ အမိန့်ပေးခဲ့တယ် ဆိုတာကိုလည်း ကြားခဲ့ရပါတယ်။ တစည ပါတီဝင်တွေကတော့ အရင်ခေတ်တွေတုန်းက မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဝင်တွေပါပဲ။


အဲတုန်းက တစည ပါတီရဲ့ ဦးဆောင်သူကတော့ ဦးသာကျော်လို့ သိရပါတယ်။ ဒီနေရာမှာ ဦးသာကျော်အကြောင်းကို အနည်းငယ်ပြောပါ့မယ်။ သမိုင်း မှတ်တမ်းအနေနဲ့ သိထားသင့်တာတွေ ရှိလို့ပါပဲ။

ဦးသာကျော် (ဘုံပေါက်သာကျော်) ကို ၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ရ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ အဖ ဦးကျော်ဇံဦး၊ အမိ ဒေါ်လှမိုးသူ တို့မှ မွေးဖွားသည်။ မွေးချင်း ရ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။


ငယ်စဉ်က စစ်တွေမြို့ စိန်ကော်ဘင့်အထက်တန်းကျောင်းနှင့် အမျိုးသားအထက်တန်းကျောင်းများတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ဦးသာကျော်သည် အသက် ၁၉ နှစ်အရွယ်မှာပင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ရခိုင်ပြည်နယ် ကျောင်းသားသပိတ်ခေါင်းဆောင်ဥက္ကဋ္ဌနှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ (၁၉၃၉–၄၀)အဖြစ် ပါဝင်ဆောင်ရွက်ပြီး နိုင်ငံရေးလောကသို့ စတင်ခြေချလာခဲ့သည်။


ရခိုင်ပြည်နယ် နိုင်ငံရေးလောကတွင် နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးအကြိုတိုက်ပွဲများ၌ မျိုးချစ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ရာ ရခိုင်မျိုးချစ် ရဟန်းတော် ဦးစိန္ဒာ၊ ဦးပညာသီဟ၊ ရခိုင်မျိုးချစ်ခေါင်းဆောင် ဦးကြာလှအောင်၊ ဦးညိုထွန်း၊ ဝန်ကြီး ဦးဘစော၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပါဝင်ခဲ့ပါသည်။ ဦးစိန္ဒာ၏ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရခိုင်လူငယ်များအဖွဲ့မှ ကျော်ဇံရွှီးက ပထမ ခွဲထွက်ပြီး ဒုတိယ ဘုံပေါက်သာကျော် ခွဲထွက်၍ ပါတီထောင်ကာ တောခိုခဲ့ခြင်း ဖြစ်တယ်လို့ ဖတ်ရှု့မှတ်သားခဲ့ဖူးပါတယ်။


၁၉၄၈ ခုနှစ်တွင် စစ်တွေသူ ဒေါ်စောမေနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့်အတူ ပါဝင်ဆောင်ရွက်ပြီး ၁၉၅၃ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ရောက်ရှိလာ၍ ပါတီနိုင်ငံရေးကို ဆက်လက်ဆောင်ရွက်ခဲ့သူလို့ သူ့အကြောင်း ဆောင်းပါးထဲက နေ သိခဲ့ရတာပါ။


၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေးဆန္ဒပြပွဲများကြောင့် နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များအား ထိန်းသိမ်းရာတွင် အင်းစိန်ထောင်နှင့် ကိုကိုးကျွန်းတို့၌ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည်။ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည် (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။


အဲလို သမိုင်းမှာ နာမည်ကောင်းရှိခဲ့တဲ့ သူတွေကို တစညပါတီက စုစည်းထားပြီး ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့ပါတယ်။ သူတို့အနေနဲ့ နာမည်ကောင်းရှိခဲ့သူတွေ ၊ မြို့ခံတွေအပေါ်မှာ သြဇာရှိတဲ့သူတွေကိုသေချာရွေးပြီးရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ စီစဉ်ကြတာပါ။


အဲ့တုန်းကလည်း ကျွန်မရဲ့ အမြင်ကိုပြောရရင်တော့ သူတို့တွေ ရွေးကောက်ပွဲမှာသူတို့ပဲနိုင်မယ်ဆို့ ယူဆထားပုံရပါတယ်။ သူတို့ကို စစ်တပ်ကလည်း အားပေးထောက်ခံနေတဲ့အတွက် ၁၉၉၀ ရွေးကောက်ပွဲမှာ ၁၀၀% နိုင်လိမ့်မယ်လို့ ဆိုတဲ့ ယုံကြည်မှုနဲ့ပါပဲ။


သူတို့အနေနဲ့ အဓိက ပြိုင်ဘက်လို့ သတ်မှတ်ထားတာကလည်း

NLD ပါတီကိုပါပဲ။ NLDကပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ ကိုယ်စားလှယ် စာရင်းတင်တဲ့အခါမှာ NLD ပါတီကနေဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းတင်သွင်းလွှာကို လက်မခံဖို့အတွက်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ( တ-စ-ည ) ကကန့်ကွက်လွှာတင်ပြီးကန့်ကွက်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကိုတင်မကပါဘူး NLD ပါတီက ဥက္ကဋ္ဌဦးတင်ဦးကို နေအိမ်အကျယ်ချူပ်ကနေ အင်းစိန်ထောင်အတွင်းအထူးတရားရုံးကနေ ခေါ်ယူပြီး ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သလို ၊ NLD ပါတီဝင်အချို့ကိုလည်း ထောင်ဒဏ်ချမှတ်တွေလုပ်ခဲ့ကြပါတယ်။ ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီ မဝင်နိုင်အောင် လုပ်လိုက်တာပါပဲ။


အဲလိုလုပ်ပြီးတော့ တစည ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကို အလွယ်တကူအနိုင်ရလိမ့်မယ်လို့ သူတို့ ထင်မှတ်ခဲ့ကြတာပါ။


နောင်ချိုမြို့နယ်ထဲမှာလည်း တစည ပါတီက ကိုယ်စားလှယ်ဟာ လူကြိုက်များတဲ့ ပါတီဝင်ဟောင်းတစ်ဦးကိုပဲ. သူတို့က ရွေးကောက်ပွဲဝင်စေခဲ့ပါတယ်။


၁၉၉၀ မှာ NLD ပါတီထဲက ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်တွေဟာ ၁၉၈၈ ခုနှစ် သပိတ်တွေကနေပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးသမား အသစ်စက်စက်တွေပါ၊ ပြောရရင်တော့ ပြည်သူလူထုမွေးထုတ်ပေးလိုက်တဲ့ သူတွေလို့ ဆိုနိုင်ပါတယ်။


အဲလို လူလတ်ပိုင်း၊လူငယ်တွေကို ကိုယ်စားလှယ်တွေနဲ့ပါဝင်ယှဉ်ပြိုင်ရမဲ့ အန်အယ်ဒီပါတီဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့အကြမ်းဖက်မှုတွေကြားမှာ ရွေးကောက်ပွဲဝင်ရတာ အင်မတန်ကို ခက်ခဲခဲ့ပါတယ်။ အန်ကယ်ဒီမှာ အားကိုးစရာ ပြည်သူပဲ ရှိတယ်ဆိုတာ အမှန်ပါပဲ။ ပြည်သူထဲမှာတောင်မှ အန်အယ်ဒီကို အားပေးပြီးခိုင်မာစွာ ထောက်ခံခဲ့တာကလည်း အခြေခံလူတန်းစားတွေက အများဆုံးပါပဲ၊ အခွင့်အရေးကို ချောင်းနေတတ်တဲ့ သူတွေကတော့ အားပေးထောက်ခံမှုမရှိသလောက်ပါပဲ။ သာမှသာလျှင် ပေါ်လာတတ်တဲ့ သာကူးတွေက ခေတ်အဆက်ဆက်မှာ ရှိပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်ထဲမှာတော့ NLD ပါတီ က အဓိကယှဉ်ပြိုင်ရတဲ့ ပါတီကြီး ၂ ခုရှိပါတယ်။ တစည ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီပါ။ ရှမ်းပြည်နယ်ဆိုတော့ ရှမ်းတိုင်းသားပါတီကိုပဲ နိုင်စေချင်တယ်ဆိုတဲ့ အသံတွေလည်းထွက်လာတဲ့အတွက် လူမျိုးပေါင်းစုံနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ အန်အယ်ဒီပါတီ အနိုင်ရဖို့ဆိုတာကိုလည်း သိပ်မမျှော်မှန်းရဲခဲ့တာလည်း အမှန်ပါပဲ။


SNLD ကို ဦးဆောင်သူကတော့ ဦးခွန်ထွန်းဦးပါ။ ဒီနေရာမှာ ဦးခွန်ထွန်းဦးအကြောင်း အနည်းငယ် ပြောချင်ပါတယ်။ခွန်ထွန်းဦး ကို ၁၉၄၃ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့၌ အဖ စဝ်ကြာဇုံ အမိ တို့မှ ဖွားမြင်ခဲ့သည်။


၁၉၆၄ ခုနှစ်တွင် တောင်ကြီးမြို့၊ ကမ္ဘောဇကောလိပ် မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်၍ ဥပဒေဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့သည်။


၁၉၆ရ ခုနှစ်မှ ၁၉၇ရ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ကိုယ်ရေးအရာရှိ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)၏ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။


သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။


နောင်ချိုမြို့နယ်ထဲမှာလည်း SNLD ကနေ ကိုယ်စားပြုပြီးဝင်ပြိုင်တဲ့ ကိုယ်စားလှယ်က နောင်ချိုဘီအိုစီမန်နေဂျာဒေါ်မမရဲ့ ခင်ပွန်း ဦးထွန်းကြည်ပါ။ ဓါတ်ဆီကိုယ်စားလှယ်မို့ ဒေါ်မမဟာ ဋ္ဌာနဆိုင်ရာတွေအပေါ်မှာ သြဇာလွှမ်းပါတယ်။


သူ့ခင်ပွန်းကို နိုင်ငံရေးထဲမှာပါဝင်လာတဲ့အတွက် ငွေကြေးအင်အားလည်း တတ်နိုင်တဲ့သူမို့ ရှမ်းတိုင်းရင်းသားတွေထဲမှာတော့ လူကြိုက်များခဲ့ပါတယ်။


၁၉၉၀ တုန်းက ကျွန်မဟာ ဖေဖေ ယှဉ်ပြိုင်ရမဲ့ သူတွေကို ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့တာလည်း အမှန်ပါပဲ။ ပိုဆိုးတာကတော့ ရွေးကောက်ပွဲဝင်ခါနီးမှာ ဖေဖေ့ကို စစ်ထောက်လှမ်းရေးက ခဏဆိုပြီး ခေါ်သွားတာလည်း ကြုံခဲ့ရပါသေးတယ်။နောက်တော့ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ပြန်လွှတ်ပေးပါတယ်။


တကယ်တော့ ဖေဖေဟာ ပြည်သူလူထုထဲကို စည်းရုံးရေးမဆင်းနိုင်အောင် လုပ်ခဲ့တာပါပဲ။


အဲ့အချိန်မှာ ဖေဖေက သူ့ကို လာမဖမ်းခင်ကတည်းက ကျွန်မအပါအဝင် ပါတီထဲက လူငယ်တွေကို တာဝန်ပေးထားခဲ့တာ ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ပြည်သူလူထုကို မဲပညာပေးဖို့ပါပဲ။


မြန်မာပြည်မှာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာလည်း ပြည်သူလူထုနဲ့ ကင်းကွာနေတာကြာပြီဖြစ်လှတဲ့အတွက် ပြည်နယ်က တိုင်းရင်းသားဒေသခံတွေအတွက်လည်း ရွေးကောက်ပွဲဆိုတာစိမ်းလှသလို နားလည်ဖို့ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်နေပါသေးတယ်။


အများစုကတော့ မဲပေးဖို့လည်း စိတ်မဝင်စားတဲ့အတွက်ရွေးကောက်ပွဲကို စိတ်ဝင်စားလာအောင် ပညာပေးရပါတယ်။ အဲဒီလို ပညာပေးဖို့အတွက ်ဖေဖေက ဦးဖုန်းမြင့်ကို လူငယ်ခေါင်းဆောင်အနေနဲ့ ဆေင်ရွက်ခိုင်းပြီး ကြိုတင်စီမံထားခဲ့ပါတယ်။


ဖေဖေ့ကို ရွေးကောက်ပွဲမတိုင်ခင်မှာ ဖမ်းထားခဲ့ပေမဲ့အန်အယ်ဒီပါတီဝင်တွေနဲ့ ကျောင်းသားလူငယ်တွေက ရွေးကောက်ပွဲအတွက် လုပ်စရာရှိတာတွေကို အခက်အခဲတွေကြားကနေပဲ လုပ်သွားကြရပါတယ်။

ရွေးကောက်ပွဲဆိုတာ ဘာလဲ လူတွေသိဖို့နဲ့ မဲကို ဘယ်လိုပေးရမလဲ ဆိုတာကို လူတွေ သိအောင် မဲပေးခြင်းဆိုင်ရာ ပညာပေးခြင်းကို နဲ့ တစ်ရွာဝင်တစ်ရွာထွက်လိုက်လုပ်ခဲ့ပါတယ်။


အိမ်တွေကို သွားတိုင်းမဲပေးခွင့်ရှိတဲ့သူတွေနဲ့ တွေ့တိုင်းပြောရတာကတော့ ထည့်ချင်တဲ့ပါတီ မဲထည့်ပါ။ ဒါပေမယ့်ထည့်တဲ့ မဲတွေအလကားမဖြစ်ရအောင် ဘယ်လိုမဲပေးပါဆိုပြီး ဖေဖေက မဲပေးနည်းကို သေချာတတ်အောင် သင်ခိုင်းတတ်ပါတယ်။


ဖေဖေ့ရဲ့ ပါတီဝင်အချို့က ပြောပါတယ်။


”ဆရာ...အဲ့ အိမ်က တစည အိမ်ပဲ ...သူ့တို့ကို သင်ပေးတာ တစည အတွက် ဖြစ်သွားမှာပေါ့” လို့ ဆိုတာလည်း ကြားခဲ့ရဖူးတယ်။ ဒါပေမဲ့ ဖေဖေက တစည မို့ မထားခဲ့ပါနဲ့ သင်ပေးလိုက်ပါလို့ပဲ ဆိုတယ်။


ရှမ်းအိမ်မို့၊ တစည အိမ်မို့ မထားခဲ့ရဘူး ကျော်မသွားရဘူးဆိုပြီး ကျွန်မတို့ကိုလည်း သေချာမှာတော့ ကျွန်မစိတ်ထဲမှာ ဖေဖေ့ကိုတောင် မကျေနပ်တဲ့စိတ်ဝင်ခဲ့ရပါသေးတယ်။ ရန်သူကို ကြက်ဥကျွေးသလို ဖြစ်နေမှာပေါ့ ဖေဖေရဲ့ လို့သာ မပြောရဲခဲ့ပေမဲ့ အဲ့လို ပြန်ပြောချင်ခဲ့တာလည်း အမှန်ပါပဲ။


ဒါပေမဲ့ ဖေဖေ မှာထားသလိုပဲ အိမ်တိုင်းကို ဝင်ပြီး ပညာပေးခဲ့တာပါပဲ။ အချို့ အိမ်တွေက ခွေးနဲ့ ရူးတိုက်ပြီး မောင်းထုတ်ခဲ့တာ လည်း ကြုံခဲ့ရသလို ၊ အချို့ အိမ်တွေက ထမင်းကျွေးလွှတ်လိုက်တာလည်း ကြုံခဲ့ရပါသေးတယ်။ အသက် ၁၅ နှစ်အရွယ် ကလေးမို့ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ဘယ်လိုပဲ ကြုံကြုံ အပြုံးမပျက် အလှမပျက် အရယ်အပျက်ဘဲနဲ့ အဲ့ဒီလိုနေ့တွေကို တစ်နေ့ပြီးတစ်နေ့ကိုလည်း ဖြတ်သန်းခဲ့ရတာကိုတော့ ခုချိန်ထိ မမေ့နိုင်သေးပါဘူး။


အဲတုန်းက ဖေဖေက မိသာစုကို ပြောတဲ့စကားရှိပါတယ်။


”ပြည်သူရဲ့ အဆုံးအဖြတ်ကို ဖေဖေတို့က လက်ခံရမှာပဲ။ ပြည်သူက အန်အယ်ဒီကို လိုချင်ရင ်အန်အယ်ဒီကို မဲပေးလိမ့်မယ်၊ တစညကိုပဲ ကြိုက်ရင် တစညကိုပဲ ပေးပါစေပေါ့ ပြည်သူ့ရွေးချယ်မှုကို ဖေဖေတို့က လက်ခံရမယ်..”တဲ့။


ပြည်သူ့သဘောထားနဲ့ ပြည်သူ့ဆန္ဒကိုလက်ခံရမယ်ဆိုတဲ့ စကားဟာ ၁၉၉၀ ခုနှစ်

ကတည်းက အန်အယ်ဒီပါတီဝင်တွေရဲ့ နှလုံးသားထဲမှာစွဲမြဲခဲ့တဲ့ စကားပါပဲ။


အန်အယ်ဒီပါတီအတွက် ပြည်သူသည်သာအဓိကဖြစ်ခဲ့တာပါ။


အမေစု ပြောခဲ့တဲ့ ပြည်သူသာလျှင် အဓိက ဆိုတာကို NLD ပါတီ က ပြည်သူနဲ့ တစ်သားတည်း ရှိနေအောင် အမြဲ ကြိုးစားခဲ့ကြတာပါ။


ဒီလိုနဲ့ ရွေးကောက်ပွဲကလည်း နီးလာလေ NLD ပါတီအနေနဲ့လည်း အခက်အခဲတွေတစ်မျိုးပြီးတစ်မျိုး ကြုံတွေ့ဖြတ်သန်းရလေဖြစ်လာခဲ့ရပါသေးတယ်။ နောင်ချိုမှာ နေထိုင်တဲ့ဖေဖေ့အတွက် အဆိုးထဲက အကောင်တွေလည်းရှိပါသေးတယ်။


အဲဒီလို ရွေးကောက်ပွဲ နီးကပ်လာတဲ့အခါ ဖေဖေ ပြန်လွှတ်လာခဲ့ပါတယ်။ ဖေဖေ့ကို နှုတ်ဆက်ဖို့တောင်မှ ကြောက်လိုက မဝံ့မရဲဖြစ်နေကြတဲ့ ဒေသခံတွေက ပေါ်ပေါ်ထင်ထင်ပဲ ဖေဖေ့ကို နှုတ်ဆက်စကားပြောတာ ၊ အားပေးတာတွေလုပ်လာကြပါတယ်။ ပါတီရုံးနဲ့ အိမ်ကိုလူဝင်လူထွက်များလာပြီး ဖေဖေ့ကို အားပေးလာကြတာကိုတွေ့ရပါတယ်။


ကျွန်မတို့အားလုံးကတော့ ဒီရက်ပိုင်းအတွင်းမှာ ဖေဖေလိုအပ်ရင် ဘာမဆိုလုပ်ပေးဖို့ပဲတွေးနေမိပါတယ်။ ဖေဖေ့မျက်နှာကိုအရိပ်တကြည့်ကြည့်နဲ့ နေခဲ့တယ်။ အဲ့ဒီတုန်းကဖေဖေ့မျက်နှာဟာ ချိုမြပြီးတော့ စင်ကြယ်နေခဲ့တယ်။


မျက်နှာမှာလည်း အရှိန်အဝါတစ်ခုနဲ့ ခွန်အားတွေရှိနေတယ်ဆိုတာကို မြင်တွေ့နေခဲ့ရတယ်။ တကယ်ပဲ ကျွန်မတို့မိသားစုကလည်း ၁၉၉၀ ရွေးကောက်ပွဲဟာ တိုင်းပြည်အပြောင်းအလဲမျှော်လင့်ချက်တစ်ခုနဲ့ ရွေးကောက်ပွဲကို ချီတက်ခဲ့သလို ပြည်သူတွေကလည်း တိုင်းပြည်အပြောင်းအလဲအတွက် ရွေးကောက်ပွဲကိုလက်ခံချီတက်ခဲ့ကြတာလို့ပြောရင်မှားမယ်မထင်ပါဘူး။


၂၇.၅.၁၉၉၀ နေ့ဖြစ်တဲ့ ရွေးကောက်ပွဲနေ့မှာတော့ ကျွန်မတို့မိသားစုအားလုံးနံနက်အစောကြီးထပြီး ပြင်ဆင်ကြပါတယ်။


ဖေဖေကတော့ နံနက်စောစော ၆နာရီ မဲရုံမဖွင့်မီအရောက်သွားဖို့ ဂျစ်ကားလေးနဲ့ထွက်သွားတယ်။


ဝတ်နေကျ ပင်နီတိုက်ပုံနဲ့ ယောပုဆိုးအနက်လေးဝတ်ထားတဲ့ ဖေဖေ့နောက်ကျောကိုငေးရင်းနဲ့

 ဖေဖေ့ရဲ့တက်ကြွလန်းဆန်းမှုကို သတိပြုမိရင်း ကျွန်မလည်း ခပ်သွက်သွက်ပြင်ဆင်လိုက်မိသည်။

ကျွန်မကလည်း တစ်ထည်တည်းသာသာရှိတဲ့ ပင်နီအင်္ကျ ီကိုမနေ့က လျှော်ထားပေမယ့် မခြောက်တခြောက်ဖြစ်နေတာကို ကိုယ်ငွေ့နဲ့ခြောက်မှာပဲဆိုပြီး အတင်းဇွတ်ဝတ်ရင်း ယောလုံချည်နီညိုလေး ကိုခါးကလေးသိမ်သွားအောင် ခပ်တင်းတင်းနဲ့ ချပ်ချပ်ရပ်ရပ်ဝတ်ရင်း အပြင်ထွက်ဖို့ ပြင်တော့ အမေက နံနက်စာစားသွားဖို့ပြောတယ်။


သနပ်ခါးတွေဖုံးနေအောင် လိမ်းထားပြီး နှုတ်ခမ်းနီ နီနီလေးဆိုးထားပြီးမှ

အမေပြင်ပေးထားတဲ့ နံနက်စာကို ဘယ်လိုလုပ်စားဝင်ပါတော့မလဲ။


ဆိုးထားကတည်းက နှုတ်ခမ်းနီမပျက်အောင် ဂရုတစိုက်နဲ့ ခပ်နည်းနည်းပဲစားနိုင်တော့တယ်။


အမေကတော့ အိမ်ကနေပြီး အဖေ့အတွက် နံနက်စာကစပြီး စီစဉ်ဆောင်ရွက်ပေးခဲ့ရတယ်။ အမေက ဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပေါ်ပေါ်တင်တင်အားပေးလို့မရတဲ့အခြေအနေမို့ ဖေဖေနောက်ကနေပဲ လုပ်စရာရှိတာလုပ်ပေးခဲ့ပါတယ်။ အားပေးခဲ့ပါတယ်။


အဲ့ဒီနေ့မဲပေးပွဲနေ့က နံနက်စောစောကတည်းက ကျွန်မတို့အားလုံးသွက်သွက်လက်လက် ရှိနေကြတယ်။

ကျွန်မတို့အဖွဲ့က ပန်ဟပ်မှာ တာဝန်ကျတဲ့အတွက် ပန်ဟပ်မဲရုံဖြစ်တဲ့ကျောင်းနဲ့ ခပ်ဝေးဝေးက


လူသွားလူလာများတဲ့ နေရာလေးတစ်နေရာကို ရှာပြီးနေရာယူလိုက်ကြတယ်။


ကျွန်မကတော့ ရှေ့ကနေဖြတ်သွားတဲ့ လူတိုင်းကို သိသိ မသိသိပြုံးပြတာပဲ ၊ စိတ်ပါလက်ပါကို ကြည်ကြည်လင်လင်ပြုံးပြတာပါ။ အချို့ကလည်း ကျွန်မကို ပြန်ပြီး ပြုံးပြီးပြကြပါတယ်။ အချို့ကတော့ ခပ်ကြောင်ကြောင်နဲ့ပြန်ကြည့်သွားသလို ၊ အချို့ကျတော့လည်း လက်မလေးထောင်ပြသွားတယ်။


ဖေဖေကတော့ ဂျစ်ကားလေးနဲ့ မဲရုံတွေ တစ်ရုံပြီး တစ်ရုံသွားကြည့်ကြတယ်။ (အဲတုန်းက မန္တလေးက ဖိုးဖိုးဆီကနေ ဖေဖေဟာ ရွေးကောက်ပွဲမှာသုံးဖို့အတွက် ဂျစ်ကားကို သွားငှားခဲ့ပါတယ်။ ဖိုးဖိုးကလည်း သူ့သားမက်ကို တတ်နိုင်သလောက်ပံ့ပိုးပေးခဲ့တာပါပဲ)


ပြီးတော့ မဲရုံမှူးနဲ့ မဲရုံလုံခြုံရေးတွေကိုလည်း လေးလေးစားစားနဲ့ နှုတ်ဆက်ပြီး စကားပြောဆိုပါတယ်။


အဲ့တုန်းက နောင်ချိုမြို့ပေါ်မှာ ဈေးရပ် ၊ ဘူတာရပ် ၊ တောင်ရပ်ကွက် ၊ ပန်ဟပ်ရပ်ကွက် ၊ သပြေကုန်းရပ်ကွက်တွေမှာ မဲရုံတွေရှိတယ်။ ကျွန်မကတော့ ပန်ဟပ်မဲရုံမှာ တာဝန်ကျပါတယ်။


ကျွန်မတို့နားကို ရောက်တော့ဖေဖေ့ကို ကျွန်မက ပြုံးပြီး လက်မထောင်ပြလိုက်တယ်။ အခြေအနေကောင်းတယ်ပေါ့။ ဖေဖေက ခေါင်းငြိမ့်ပြီး ပြုံးပြသွားတယ်။ အဲဒါကျွန်မတို့သားအဖရဲ့ သင်္ကေတတွေပါပဲ။


အဲ့ဒီလိုနဲ့ အချိန်တွေ ဘယ်လိုကုန်သွားသလဲကျွန်မတို့အချိန်ဆိုတာကိုမေ့နေကြတယ်။


မွန်းလွဲစာအတွက် ထမင်းထုတ်တွေ ရောက်လာမှ ထမင်းစားတော့ နေ့လည်၁နာရီထိုးခါနီးနေပါပြီ။


တစ်နေကုန် ဘာမှလည်းဟုတ်တိပတ်တိမစားနိုင်ပဲနဲ့ နေနေတာ။ ထမင်းထုတ်ကိုလည်းမစားနိုင်ပါပြီ။


စိတ်လှုပ်ရှားတာရော ငယ်တဲ့သူမို့ အဖော်တွေနဲ့ ခုလိုစောင့်နေရတာပျော်နေတာရော ခံစားချက်အစုံပါပဲ။

နေ့လည်စောင်းသွားတာနဲ့ တဖြည်းဖြည်းနဲ့ မဲရုံတွေမှာ လာထည့်တဲ့သူတွေမရှိတော့ဘူး။ ဒါပေမယ့် အိမ်ပြန်ပဲနဲ့ မဲရုံမှာမဲရေတွက်တာကို ဆက်စောင့်ကြည့်နေပါတယ်။


အဲ့နေ့တုန်းက ညနေပိုင်းမဲရုံပိတ်ပြီး မဲရေတွက်နေချိန်မှာ ကိုယ်စားလှယ်တွေရဲ့ နာမည်ရွတ်သံတွေက ကျွန်မနှလုံးခုန်သံတွေ မြန်စေခဲ့ပြီ။


 ခမောက်…ခမောက်သင်္ကေတနဲ့ ဦးထွန်းထွန်းဟိန်ဆိုတဲ့ အသံကကျွန်မအဖေကိုပဲမြင်ယောင်စေပါတယ်။


ခမောက်လို့ဆိုတဲ့ ဦးထွန်းထွန်းဟိန်တွေများလာတဲ့အခါကျွန်မရင်မခုန်တော့ပြန်ဘူး။ ခံစားရတာက ရင်ထဲမှာ နွေးရာကနေ သွေးတွေပူနွေးလာပြီ။


 ဦးထွန်းထွန်းဟိန်…ဦးထွန်းထွန်းဟိန်…ဦးထွန်းထွန်းဟိန် ဆိုတဲ့အသံတွေ ခမောက် ဆိုတဲ့ အသံတွေက တဖြည်းဖြည်းနဲ့ စိတ်လာခဲ့ပြီ။


ကျမ နှလုံးတွေ တဖြတ်ဖြတ်ခုန်နေခဲ့တယ်...နှလုံးတွေ ခုန်နေတာများ...ဘယ်လိုခုန်နေသလဲ ဆိုတာကို မပြောတတ်လောက်အောင်ပါပဲ..။


အဲ့လိုမဲရေတွက်သံတွေကတော့ ကျွန်မတို့ရဲ့ နှလုံးခုန်သံတွေကို မြန်စေခဲ့တယ်။


နောင်ချိုမြို့ ဈေးရပ်ကွက်က မဲရုံမဲ ရေတွက်ပြီးချိန်မှာ ဖေဖေနိုင်တယ်။


 ပြီးတော့ ဘူတာ..မြို့ပေါ်ရပ်ကွက်တွေကတော့ ဖေဖေနိုင်တာများပါတယ်။


ဒါပေမယ့်ရွာဘက်တွေမှာ မဲတွေတက်လာတော့ ရှမ်းရွာတွေဘက်မှာ ဦးခွန်းထွန်းဦးတို့ရဲ့ ရှမ်းအမျိုးသားဒီမိုကရေစီပါတီကအနိုင်ရကြတယ်။ အဲ့တော့ နောက်တက်လာဖို့ကျန်နေသေးတဲ့ ရွာတွေမှာ ရှမ်းရွာဘယ်လောက်ပါသလဲဆိုတာကို စိတ်တွက်နဲ့ တွက်ရင်း ရင်ကတော့ ခုန်နေဆဲပါပဲ။


ဒါပေမယ့် မြို့ပေါ်မှာဖေဖေရဲ့ မဲက အပြတ်အသတ်နိုင်နေတော့ ရှမ်းရွာတွေရဲ့ မဲက ဖေဖေ့မဲတွေကို မကျော်နိုင်တော့ဘူး။အဲတုန်းက နောင်ချိုမြို့နယ်ထဲမှာ ကားလမ်းမပေါက်တဲ့ ဒေသတွေ ရွာတွေက မဲတွေကတော့ ညမှ ရောက်လာတယ်။ တစ်ညလုံး တဖွဲဖွဲနဲ့ မဲ စာရင်းတွေ ရောက်လာကြတယ်။ ကျွန်မတို့ မိသားစုဟာ အခြားပြည်သူတွေလိုပဲ တစ်ညလုံးမအိပ်ကြဘူး။ အဲလိုနောက်ကျမှရောက်လာတဲ့မဲတွေမှာလည်း ဖေဖေနိုင်နေတယ်။


 ဖေဖေနိင်ပြီဆိုတာ သေချာသွားတဲ့အခါ ကျွန်မရင်ထဲ တသိမ့်သိမ့်နဲ့ ကျေနပ်ပီတိဖြစ်နေမိတယ်။


ဖေဖေ့မဲနဲ့ ဒုတိယလိုက်တဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချူပ်က ဦးထွန်းရွှေက ၃ ထောင်ကျော် ၄ ထောင်လောက်ကွာနေတယ်။


နောင်ချိုမှာ ဖေဖေနိုင်ပါပြီ။


ဖေဖတို့ ပါတီ နိုင်ပါပြီ။


ပြည်သူ ပေးတဲ့ မဲမှာ ဖေဖေတို့ နိုင်ပါပြီ။


 အဲ့ဒီခံစားချက်ကို ခုချိန်မှာ ပြန်တွေးရင်တောင် မှတ်မိနေတုန်းပါပဲ။


ဖေဖေနိုင်ပြီဆိုတာကို ည ၁ နာရီလောက်မှာ သေချာသွားခဲ့ပါပြီ။


အဲ့ဒီအချိန်မှာ နောင်ချို NLD ပါတီရုံးရှေ့မှာ လူတွေပျော်နေကြပြီ။


အဲ့ဒီနေ့ညက တစ်ညလုံးပါပဲ ပြည်သူတွေရဲ့ အပျော်တွေက နောင်ချိုတစ်မြို့လုံးကို အိပ်ရေးပျက်စေခဲ့တယ်။ လူတွေက ခမောက်တွေကို မြှောက်မြှောက်ပြီး ပျော်တဲ့သူနဲ့ ၊ ဓနု အိုးစည်တီး ကတဲ့သူနဲ့ ၊ ရှမ်းအိုးစည်တီးပြီး ကနေတဲ့သူတွေနဲ့ ပျော်စရာကြီးပါပဲ။


နောင်ချိုမှာ ပျော်နေကြသလိုပဲ မန္တလေးမှာဆို သြင်္ကန်လိုပါပဲ တစ်ညလုံး နဂါးနီ သီချင်းဆိုပြီး ပျော်ကြသတဲ့။


တကယ်တော့ နောင်ချိုတစ်မြို့လုံးတင် အိပ်ရေးပျက်ခဲ့ကြတာမဟုတ်ပါဘူး။


မြန်မာပြည်တစ်ပြည်လုံး အဲ့ဒီနေ့ ညမှာ ဘယ်သူမှအိပ်မပျော်နိုင်ခဲ့ကြဘူး။


NLD ပါတီနိုင်ဖို့ မဲထွက်ပေးကြတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေနဲ့ မဲရေတွက်ပြီး အနိုင်ရကြောင်း ကြေညာချိန်မှာတွေ့လိုက်ရတဲ့ ဝမ်းသာကျေနပ်တဲ့ အပြုံးတွေနဲ့ မျှော်လင့်ချက်တွေ ဒါတွေကို ကျွန်မရင်ထဲမှာ ဦးနှောက်ထဲမှာပါ မေ့မရနိုင်အောင် စွဲနေခဲ့တယ်။


အဲ့နေ့ကတော့ တစ်ကယ်ပဲ NLD ပါတီနိုင်ပြီ ၊ မြန်မာပြည်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ပြီဆိုပြီး ပျော်ခဲ့တာ၊ လူတိုင်းပျော်ကြတယ်။


ထူးခြားတာက စစ်တပ်တွေများတဲ့ နောင်ချိုမြို့မှာလည်း စစ်တပ်ထဲက လူတွေပျော်ကြတယ်။


အဲ့ဒါ တစ်ကယ့်ကို မေ့မရတဲ့ အဖြစ်ပါပဲ။ အိမ်မက်မှမဟုတ်တာလေ။


အဲ့ဒီညက ကျွန်မဟာ ပျော်လွန်းလို့ ကောင်ကင်ကို မော့ကြည့်မိခဲ့သေးတယ်။


အဲ့ဒီညနေမှာ လူတွေပျော်နေတာကို ကြည်ပြီး ကြယ်တွေလည်းမြိုင်မြိုင်တွန်ကြတာကိုလည်း မှတ်မိနေခဲ့ပါတယ်။


ဖေဖေဟာ သူ့ကို ပြည်သူကသာ ရွေးချယ်မယ်ဆိုရင် တစ်သက်လုံး မဲကြွေးဆပ်မယ်ဆိုတဲ့ စိတ်ဟာ အဲဒီကတည်းက ရှိခဲ့တာပါ။


အဲဒီနေ့ညက နောင်ချိုမြို့နယ်ထဲက ပြည်သူတွေဟာ ဖေဖေ့ကို မဲထည့်ခဲ့တဲ့အတွက် ကျွန်မတို့မိသားစုဟာ နောင်ချိုမြို့နယ်ကို ကျေးဇူးရှင်မြို့အဖြစ် အမြဲတမ်း သတ်မှတ်သွားစေလောက်တဲ့အထိ ရင်ထဲစွဲမြဲ ခိုင်မာသွားခဲ့ရတယ်။


တကယ်တော့ ကျမ ဖေဖေဟာ့ပြည်သူ့ရဲ့ မဲကြွေးကို ဒီနေ့ထိ အသက် ရ၀ ကျော်သည့်တိုင်အောင် ဆပ်နေရှာတာပါ။


၁၉၉၀ ခုနှစ် မေလ ၂ရ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည်၊ ၁၉၆၀ခုနှစ် နောက်ပိုင်း စစ်အစိုးရ အာဏာသိမ်းပြီးစဉ်မှစ၍ နှစ်ပေါင်း၃၀အတွင်း ပထမဦးဆုံး ပါတီစုံပါဝင်သည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးဖြစ်လာပါတယ်။

အဲ့တုန်းကတော့ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေး (အငြိမ်းစားဘဏ္ဍာတော်မင်းကြီး) လို့သိရပါတယ်။ ဦးဘဋ္ဌေးက မျှတတယ်လို့လည်း နာမည်ကောင်းနဲ့ကျော်ကြားတဲ့သူလို့လည်း သတင်းစကားတွေကြားရတာပါပဲ။


တစညကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၉၀ ရွေးကောက်ပွဲဝင်မဲ့ လျှောက်လွှာကို ကန့်ကွက်ခဲ့ကြပါတယ်။


( ဦးဘဌေးနဲ့ စောကြာဒိုးက ဒေါ်စုလျှောက်လွှာကို လက်ခံပြီး ကျန်သုံးယောက်က ပယ်ချတယ်လို့ မဇ္ဈိမဝက်ဆိုက်မှာ ၂ဝဝ၉ ခုနှစ်က မင်းဟန် ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် သဇင်နီ အခန်းဆက်ဆောင်းပါးမှာ ဖော်ပြခဲ့တာဖတ်ရဖူးပါတယ်)


ဒီနေရာမှာ ဦးဘဋ္ဌေးအကြောင်းကို အနည်းငယ ်တင်ပြပါ့မယ်။ ဦးဘဌေးကို ၁၉ဝ၆ က စစ်ကိုင်းမြို့မှာ မွေးပါတယ်။ ဦးဘဌေးဟာ ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ဒေါက်တာဦးအေးရဲ့ အစ်ကို ဖြစ်သလို မျက်စိ အထူးကု ဒေါက်တာချန်တိတ်ရဲ့ ယောက်ဖလည်း ဖြစ်ပါတယ်။


၁၉၃၄ က အောက်စဖို့ဒ် နဲ့ လန်ဒန်တက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး အိုင်စီအက်ခေါ် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းဖြစ်လာပါတယ်။ ဦးဘဌေးဟာ ပြည်သူတွေကို ကိုယ်ချင်းစာတရားနဲ့ အုပ်ချုပ်တတ်သူလို့ ထင်ရှားကြောင်း စစ်ကိုင်းသူ ဒေါ်ရီကြိန်က သံသရာခရီးသည်စာအုပ်မှာ အမှတ်တရရေးသားခဲ့ပါတယ်။

၁၉၈၈ မှာ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးဘဌေးကို ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူဖို့ လမ်းစဉ်ပါတီအစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရရင် လက်ခံမယ်လို့ ပြန်ကြားရာမှာ အစိုးရဘက်က သဘောတူခဲ့တဲ့အတွက် ကော်မရှင်မှာ ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


နိုင်ငံမှာ သွေးထွက်သံယိုတွေ ထပ်မံမဖြစ်စေလိုတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ကြားက ဒီရာထူးကို ဖခင်က လက်ခံခဲ့တာလို့ ဦးဘဌေးရဲ့သမီး ဖြစ်သူ ရန်ကုန်ဆေးတက္ကသိုလ် (၁) ဇီဝကမ္မဗေဒ ပါမောက္ခဟောင်း ဒေါက်တာလှရီရီက ပြောပါတယ်။ အဲဒီအချိန်က အစိုးရကို သြဇာညောင်းဆဲဖြစ်တဲ့ လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေဝင်းနဲ့ သူ့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း မရှိဘူးလို့ ဆိုပါတယ်။


၁၉၈၈ မှာ ဦးဘဌေးတို့ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တဲ့အချိန်မှာ ကန့်ကွက်မှုနဲ့ မယုံကြည်မှုတွေ ရှိခဲ့ပါတယ်။ လူကြီးတွေကို အသုံးချပြီး လမ်းစဉ်ပါတီဘက်က အာဏာပြန်ယူမှာကို စိုးရိမ်ကြသလို အဲဒီအချိန်က နိုင်ငံရေးတောင်းဆိုမှု တွေကလည်း ကြားဖြတ်အစိုးရဖွဲ့ပေးဖို့အထိ ပြင်းထန်နေပါတယ်။ ဒီလိုအခြေအနေတွေကြားက ကော်မရှင်အလုပ်တွေ စခဲ့ကြတာ ဖြစ်ပါတယ်။


ဦးဘဌေးတို့ ကော်မရှင်မှာ အစိုးရအရာရှိဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ နိုင်ငံရေးသမားဟောင်း တယောက်စီ ပါပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုးဟာ ၁၉၄၉ က ကရင်ပုန်ကန်မှုကြောင့် တပ်က ထွက်ခဲ့ရပြီး ၁၉၆ဝ ကျော်မှာ ဦးနုတို့နဲ့အတူ တောခိုပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပုန်ကန်ခဲ့ဖူးပါတယ်။


၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှ ပြန်လာသူဖြစ်ပါတယ်။ ဆရာချယ်ကတော့ ဖဆပလနဲ့ လမ်းစဉ်ပါတီခေတ်မှာ လွှတ်တော်အမတ် ဖြစ်ခဲ့သလို ၁၉၇၄ ဖွဲ့စည်းပုံမူကြမ်းကော်မရှင်မှာ ပါဝင်ခဲ့ပါတယ်။

ဒီလို ကော်မရှင်ဖွဲ့စမှာပဲ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်မှာ စစ်အစိုးရတက်လာပါတယ်။ တက်လာတဲ့အစိုးရကလည်း ကော်မရှင်ကို ဆက်လက်ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ပေးပါတယ်။ အာဏာယူစ ပစ်ခတ်နှိမ်နင်းမှုတွေ ကြောင့် ကျောင်းသားတွေ နယ်စပ်ထွက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ တာစူနေချိန်မှာပဲ မြို့ပေါ်မှာ ပါတီတွေ ပေါ်လာပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြပြီး ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။


အိုင်စီအက် ဦးဘဌေးကတော့ ရွေးကောက်ပွဲကော်မရှင်ကို ၁၂ နှစ်ကြာ ဦးဆောင်ပြီး အသက် ၉၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဖခင်ဟာ ကွယ်လွန်ခါနီးလပိုင်းအလိုအထိ ရုံးကို တပတ် တရက်နှစ်ရက် သွားသေးကြောင်းလည်း ဒေါက်တာ လှရီရီက ပြောပါတယ်။ သူဟာ အသက်အကြီးဆုံး အစိုးရဝန်ထမ်းအနေနဲ့ ဂင်းနစ်မှတ်တမ်းမှာ ဝင်သင့်တယ်လို့ ပြောတယ်လို့လည်း ဆိုပါတယ်။


အဲ့ဒီ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအဖွဲ့အစည်းပေါင်း ၉၃ ဖွဲ့က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ဦး ၊ မဲဆန္ဒနယ် ၄၈၆ ဦးှရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံရသူပေါင်း ၄၉ရ ဦး ၊ တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်ပေါင်း ခြောက်ဦးပေါင်း ၄၈၅ဦးရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ အငြိမ်းစားဝန်ထမ်းဟောင်း ၁၄၅ ဦး ၊ တရားရုံးချူပ်နဲ့ အထက်တန်းရှေ့နေပေါင်း ၅၄ ဦး ၊ ဆရာဝန် ၅၀ နဲ့ အခြားအရပ်သား ၁၉၄ ဦးတို့ပါဝင်ခဲ့ကြတယ်။


ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်သည့် နေရာ ၄၉၂ ခုတွင် ၃၉၂ ခုဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ထိုအချိန်တွင် အုပ်စိုးနေသည့် စစ်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဟု ၂၀၁၁ ခုနှစ်ထိ အမည်ပေးထားသည့်) မှ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုခဲ့ပေ။ လာရောက် မဲပေးခဲ့သူရာခိုင်နှုန်းမှာ ရ၂.၆% ထိရှိခဲ့ပါတယ်။ NLD ပါတီက ၁၉၉၀ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၄ရ နေရာမှာ ၃၉၂ နေရာအနိုင်ရပါတယ်။

အဲဒီလို အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရဟာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခဲ့ပေမဲ့ ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း ၉၀ကျော ်ကြာလာသည့်တိုင်အောင် လွှတ်တော်ခေါ်မပေးပါဘူး။


ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလ မှာ စစ်အစိုးရဟာ NLD ပါတီ ခေါင်းဆောင်တွေနဲ့ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ပြီး မတရားဖမ်းဆီးခဲ့တယ်၊ ထောင်ချခဲ့တယ်။ ပြီးတော့ ပါတီ ဖျက်သိမ်းဖို့အထိ ကြိုစားခဲ့ပါတယ်။


ဒါပေမဲ့ ဒီကနေ့ထိ အန်အယ်ဒီဟာ ရှင်သန်နေတာကို ကြည့်ရင် စစ်အာဏာရှင်တွေဟာ ဒီကနေ့ထိ အောင်မြင်မှု မရခဲ့ဘူးဆိုတာ မြင်သလှပါတယ်။ စစ်အာဏာရှင်နဲ့ ပြည်သူ အားပြိုင်တဲ့ ပွဲမှာ

 NLD ပါတီက လူထုကြားကနေ ဆက်ပြီးလှုပ်ရှားနေဦးမှာ ပဲ ဆိုတာကိုလည်း

ကျွန်မကတော့ ပိုပြီး နားလည်သဘောပေါက်လာခဲ့ရပါတယ်။


ရှေ့ဆက်ဖော်ပြပေးပါမည်။


ချစ်​သောသူများအားလုံး ဘေးကင်းလိုရာပြည့်ကြပါစေ။


မေတ္တာဖြင့်


May Thingyan Hein-Myitmakha

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page