ကျွန်မချစ်တဲ့သူတွေ ( အခန်း ၅ )
- Hein Htut Khant
- Jan 1
- 4 min read

မိုးထဲရေထဲက NLD
မှတ်မှတ်ရရဆိုရင်တော့ ၁၉၈၉ကာလတွေနဲ့ ၁၉၉၀ နှစ်ဆန်းပိုင်း အဲ့ဒီကာလတွေမှာတော့ NLD ပါတီဟာရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် မနဲကို မိုးထဲရေထဲရုန်းကန်ရတဲ့ကာလတွေလို့ ဆိုနိုင်သလို ကျွန်မတို့လို နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေအတွက်လည်း ထမင်းစားရဖို့ထက် NLD ပါတီရွေးကောက်ပွဲမှာ အနိုင်ရဖို့က ပိုအရေးကြီးပါတယ်လို့ ဆိုရမဲ့ ကာလတွေပဲ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းမှာ အာဏာသိမ်းလိုက်ကတည်းက စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်။ ရွေးကောက်ပွဲပြီးလို့ အာဏာလွှဲပေးပြီးရင်တော့ တပ်မတော်က ရှေ့တန်းပြန်မယ်လို့ ဗိုလ်ချူပ်မှူးကြီး စောမောင်က အစိုးရမီဒီယာဖြစ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေပြောကြားခဲ့ပါတယ်။
အဲဒီစကားကို ပြည်သူတွေက ယုံကြည်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီတွေထူထောင်ခဲ့ကြတာပါ။ အဲဒီစကားတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကလည်း နိုင်ငံရေးပါတီအဖြစ်ထူထောင်ခဲ့တာဆိုလည်း မမှားနိုင်ပါဘူး။
ဒါပေမယ့် တစ်ကယ်တမ်းမှာ ရွေးကောက်ပွဲမတိုင်မီ ၁၉၈၉ ကာလမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အခက်အခဲတွေ တစ်ပြုံကြီးရင်ဆိုင်ရပါတော့တယ်။
ကျွန်မမှတ်မိနေတာတွေကို ပြောရရင် ၂၇.၉.၁၉၈၈ မှာ NLD ( National League For Democracy ) ကိုစတင်ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ ၃၀.၉.၁၉၈၈ မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ဖို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို မှတ်ပုံတင်ခဲ့ကြပါတယ်။
၁၉၈၈နိုဝင်ဘာလရဲ့ လကုန်ပိုင်းတွေမှာ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ၁၄ ဦးထဲမှာ ကွန်မြူနစ်တွေပါဝင်နေတယ်ဆိုပြီး ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါဟာ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် သတင်းစာ ဆရာတွေ၊ စာရေးဆရာရာတွေကို ပါတီထဲကနေ ဖယ်ထုတ်ချင်တဲ့အတွက် ဦးအောင်ကြီး ရွေ့လိုက်တဲ့ အကွက်လို့လဲ ဆိုကြပါတယ်။
ဦးအောင်ကြီးဟာ ကွန်မြူနစ်တွေပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင် အစုအဖွဲ့အပေါ်မှာ ပြဿနာရှိခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့တယ်။ ဦးအောင်ကြီးအဖွဲ့မှ မဲခွဲရာမှရှုံးနိမ့်ခဲ့တယ်။
၁၉၈၈ ၊ ၁၂ လပိုင်း ၁၃ ရက်နေ့မှာ အဖွဲ့ချူပ်ရဲ့ ဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦးဖြစ်ကြောင်း နဲ့ အထွေထွေအတွင်းရေးမှူးကတေ့ ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူး ၁ ဦးဝင်းတင် (သတင်းစာ ဆရာကြီး)၊ အတွင်းရေးမှုူး ၂ ဦးချစ်ခိုင်(နောက်ပိုင်းမှာ နဝတနဲ့ ပူးပေါင်းသွားခဲ့ပါတယ်) ၊ သုတေသနမှူးအဖြစ် ဦးကြည်မောင် ၊ စည်းရုံးမှုးအဖြစ် ဦးအောင်ရွှေ ၊ ဘာဏ္ဍာရေးမှူး ဦးလွင် ၊ ပြန်ကြားရေးမှူး ဦးအောင်လွင် ( ဒေါက်တာစံရွှေမောင် ၊ ရုပ်ရှင်သရုပ်ဆောင်အောင်လွင် ၊ လူထုလူတန်းစားဌာနမှူး ဒေါ်မြင့်မြင့်ခင်တို့ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပါတယ်။
၁၉၈၈၊ ၁၂ လပိုင်းမှာပဲ ဗိုလ်ချူပ်အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည်ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ကွယ်လွန်လို့ စိတ်သောကရောက်နေချိန်မှာပဲ ပါတီတွင်းက ဦးအောင်ကြီးတို့အဖွဲ့ရဲ့ တိုက်ခိုက်မှုကိုလည်း ကြုံခဲ့ရတာပါ။
၁၉၈၉ ၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အဖွဲ့ချူပ်ဗဟိုအလုပ်အမှုဆောင် ကိုးဦးပါဝင်သောဦးဆောင်အဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့တယ်။
နောက်ပိုင်းကာလတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နဲ့တိုင်းတွေဆီကို စည်းရုံးရေးခရီးတွေထွက်နေကြောင်းနဲ့ ပြည်သူလူထုကလည်း သောင်းသောင်းဖြဖြအားပေးနှုတ်ဆက်ကြကြောင်းဖေဖေတို့ဆီကနေ ကြားသိခဲ့ရပါတယ်။
အဲဒီလိုအဖြစ်အပျက်တွေနဲ့ ဗဟိုမှာရှုပ်ထွေးနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးတွေဖြစ်လာခဲ့ပါသေးတယ်။
ဒီနေရာမှာ ဒီနေရာမှာ ဦးအောင်ကြီးအကြောင်း အနည်းငယ်ခန့်ပြောချင်ပါတယ်။( ဦးအောင်ကြီးကို မီဒီယာတွေကနေ ဖော်ပြထားတာတွေကို စုစည်းပြီး မှတ်တမ်းပြုရာကနေပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်)
၁၉၈၈ အရေးအခင်း မဖြစ်ခင်မှာတော့ ဦးနေဝင်းဆီ သူရေးတဲ့ ၄၁ မျက်နှာပေးစာက နာမည်ကြီးခဲ့ပါတယ်။ ဒီပေးစာမှာ မြန်မာပြည်ရဲ့ စီးပွားရေးအဆင့်အတန်းက ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းဝင် သွားတဲ့အတွက် ဒါက ရုန်းထွက်ဖို့ စီးပွားရေး တံခါးဖွင့်ဖို့နဲ့ တခြားအပြောင်းအလဲတွေ လုပ်ဖို့ အကြံပေးတာ ဖြစ်ပါတယ်။
ဒီစာတွေကို မြန်မာပြည် အနှံ့မှာ ကူးယူဖြန့်ကြတဲ့အတွက် ဦးနေဝင်းက တမင်သိသိနဲ့ လွှတ်ပေးခဲ့ပုံရတယ်လို့လည်း ဦးဝင်းထိန်က သံသရာတကွေ့ စာအုပ်မှာ မှတ်ချက်ချခဲ့ပါတယ်။
တကယ်က ၁၉၈၈ မှ သူ့ပေးစာတွေကို လူသိများလာပေမယ့် ဦးအောင်ကြီးဟာ ဦးနေဝင်းဆီကို စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေးစာတွေ အရင်ကတည်းက ရေးလာခဲ့တာလို့ ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ သမီး ဒေါ်အေးအေးဝင်းက ထောက်ပြပါတယ်။
၁၉၇ဝ ကျော်တုန်းကလည်း ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရမှုမှာ သူမပါကြောင်း ဦးနေဝင်းဆီ စာနဲ့ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ဒီလို ဦးနေဝင်းနဲ့ အဆက်အသွယ်မပြတ်တဲ့အတွက်လည်း ၁၉၈၈ လှုပ်ရှားမှုတွေအတွင်း သူ့ရဲ့ ပြောစကားတချို့ကို လူထု ထောက်ခံမှု မရတာတွေ ဖြစ်ခဲ့ပါတယ်။
ဦးအောင်ကြီးဟာ စိတ်လှုပ်ရှားမှု များသူဖြစ်လို့ တပ်နဲ့ လူထု ထိပ်တိုက်တွေ့မှာ စိုးပြီး တားဆီးခဲ့တာ ဖြစ်ပေမယ့် လူထုလက်မခံမှုနဲ့ပဲ ကြုံခဲ့ရတာလို့လည်း ဒေါ်အေးအေးဝင်းက ဆိုပါတယ်။
တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့၊ တပ်က အာဏာသိမ်းရင် သတ်သေမယ် စတဲ့ သူ့ရဲ့စကားတွေကတော့ ပြောစရာ ဖြစ်ခဲ့ပါတယ်။
၁၉၈၈ က စပြီး နိုင်ငံရေးမှာ သူပေါ်တင် ပြန်ပါလာပါတယ်။ အရေးအခင်းအပြီး ဂါးဒီးယန်း ဦးစိန်ဝင်းအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စုမိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရာမှာ သူ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
ဒါပေမဲ့ လပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နားမှာ ကွန်မြူနစ်တွေဝိုင်းနေတယ်ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကြောင့် ပါတီထဲ မဲခွဲရာမှာ သူရှုံးနိမ့်ပြီး ဦးအောင်ကြီး ပါတီသစ် ခွဲထောင်ခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာတော့ NLD ကို မပြိုင်နိုင်ဘဲ ဦးအောင်ကြီးပါတီ ရှုံးနိမ့်သွားပါတယ်။
ဦးအောင်ကြီးက ကွန်မြူနစ်ဆိုရင် တီကိုဆားနဲ့တို့သလို ရွံမုန်းတဲ့အတွက် ဒီလို ကွဲပြဲမှုတွေ ဖြစ်ခဲ့ပေမယ့် သူ့ပထမဇနီးရဲ့ မောင် ရဲဘော်အေးငွေ ကိုယ်တိုင်က ဗမာပြည် ကွန်မြူနစ်ပါတီဝင် တယောက် ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် မတိုင်ခင်က ရဲဘော်အေးငွေကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ မြန်မာဘက်က ကုန်းလမ်းကနေ တရုတ်ပြည် လွှတ်ခဲ့တာ ဖြစ်ပြီး ၁၉၅ဝ ကျော်မှ ဗိုလ်မှူးချုပ်အောင်ကြီး တရုတ်ပြည်သွားရင်း သူ့ကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
နောက် ဦးအောင်ကြီးဟာ NLD ပါတီ ဥက္ကဋ္ဌဘဝမှာ နဝတ အစိုးရအတွက် နိုင်ငံတကာ အဆက်အသွယ်တွေရအောင် ကူညီခဲ့တယ် ဆိုပြီး ကြည်ဝင်းစိန်ရဲ့ ရေးသားချက်လည်း ရှိပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဦးအောင်ကြီး ဆက်ဆံရေးဟာ ပြေလည်တာ မဟုတ်ဘူးလို့လည်း သူ့ရဲ့ မိသားစု မိတ်ဆွေ ဒေါ်အေးအေးဝင်းက ဆိုပါတယ်။
ဝန်ထမ်းတွေကို ဖြေခိုင်းတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလွှာတွေ ပို့ပြီး ဦးအောင်ကြီးကို ဗိုလ်ချုပ်ကြီးစောမောင်က ဖြေခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း တဘက်မှာတော့ ၁၉၈၉ ကွန်မြူနစ်ပါတီကို ဝနဲ့ ကိုးကန့် စတဲ့ လူမျိုးစုတပ်တွေ ပုန်ကန်ချိန်မှာ ဦးအောင်ကြီးနဲ့ အောလစ်ယန်း၊ လော်စစ်ဟန် စသူတွေကို သုံးပြီး စစ်အစိုးရနဲ့ စေ့စပ်ဖို့လုပ်ခဲ့တယ် ဆိုတဲ့ ရေးသားမှုတွေ ရှိပါသေးတယ်။
သေချာတာကတော့ ဦးအောင်ကြီးဟာ နိုင်ငံရေးစင်ပေါ်ကို ပြန်ထွက်မလာတော့တာပဲ ဖြစ်ပါတယ်။
ဦးနေဝင်း ကွယ်လွန်ချိန်မှာ သူ့ဇနီး ဒေါ်နီနီမြင့်တောင် ပို့ခွင့်မရခဲ့ပေမယ့် ဦးအောင်ကြီးလိုက်ပို့ခွင့် ရခဲ့ပါတယ်။သူတို့နှစ်ယောက် ကွယ်လွန်ခါနီးအထိ စာအဆက်အသွယ် ရှိခဲ့သလား၊ နဝတနဲ့ နအဖ အစိုးရခေါင်းဆောင်တွေကိုရော ဦးအောင်ကြီး စာတွေရေး အကြံပေးခဲ့သလား ဆိုတာတွေကတော့ သေချာမသိရလာပါဘူး။
ဦးအောင်ကြီးဟာ သူ မဆုံးခင်မှာတော့ NLD အာဏာရခဲ့ရင် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း မြန်မာပြည်မှာ ဒီမိုကရေစီစစ်စစ် ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီလိုမိုးထဲလေထဲကာလတွေထဲမှာ နောင်ချိုမြို့နယ်အတွက် NLD ပါတီအနေနဲ့ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ်ဖေဖေ့ကို အဖွဲ့ချူပ်က ရွေးချယ်ကြောင်းကို ကျွန်မတို့ အိမ်ကို လာပြောခဲ့တာက ဘဘဦးကြည်မောင်ပါ။
အဲတုန်းက ကျွန်မတို့ မိသားစုမှာ ပျော်ရဖို့ထက် ငွေကြေးအခက်အခဲကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး သွင်းဖို့တောင် အခက်အခဲရှိနေလို့ စိတ်သောကတွေလည်း ရှိနေခဲ့ရပါတယ်။
အဲ့ဒီတုန်းကရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်ကြေးက ငွေကျပ်တစ်သောင်းပါ။အဲ့တုန်းက တစ်သောင်းဆိုတာ အတော်ကိုများတဲ့ပမာဏပါ။
တက္ကသိုလ်ဆရာမ မေမေရဲ့ လခက တစ်လကို ငွေကျပ် ၄၅၀ ကျပ်ပဲရှိတဲ့ကာလပါ။ အဲ့ဒီအချိန်မှာငွေ ကျပ်တစ်သောင်းကိုတောင်ဖေဖေတို့ မေမေတို့ အတွက်များလှပါတယ်။ နောက်တော့ မေမေက ဖေဖေ့ရဲ့ ဖေဖေ ဆီမှာ ငွေသွားချေးပါတယ်။ အဲဒီလိုနဲ့ ဖေဖေ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ကြေး ကို မနည်းရှာပြီး သွင်းလိုက်ရတာလည်း ကျွန်မစိတ်ထဲမှတ်မိနေတာပါပဲ။
အဲ့တုန်းကလည်း ကျွန်မစိတ်ထဲ နိုင်ငံရေးဆိုတာကိုရေရေရာရာနားမလည်သေးပေမယ့် နိုင်ငံပြောင်းလဲအောင်လုပ်နေတဲ့ ဖေဖေရွေးကောက်ပွဲမှာနိုင်မှ ပြောင်းလဲအောင်လုပ်နိုင်မယ်ဆိုတဲ့ အသိက ရှိနေတဲ့အတွက် ရွေးကောက်ပွဲမှာ မရှုံးဖို့လိုတယ်ဆိုတာကိုလည်း နားလည်နေခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲရှုံးရင ်ဖိုးဖိုးငွေ ကျပ် ၁သောင်း အကြွေးတင်မှာကိုလည်း စိတ်ပူပင်နေခဲ့ရပါသေးတယ်။
၁၉၉၀ ပြည့်နှစ်ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ရွေးကောက်ပွဲဝင် သင်္ကေတက ခမောက် တံဆိပ်ပါ။
စုနိုင်မှ ချမ်းသာမည်။
စုနိုင်မှ တိုးတက်မည်။
စုနိုင်မှ ငြိမ်းချမ်းမည်….. ဆိုတဲ့ ဆောင်ပုဒ်တွေပေါ်လာခဲ့သလို အောင်ဆန်းသမီးမို့ယုံကြည်ဆိုတဲ့တေးသီချင်းတွေလည်းပေါ်လာခဲ့ပါတယ်။
နောင်ချိုမြို့မှာ ၁၉၉၀ ရွေးကောက်ပွဲဝင်မယ့် ပါတီကလည်း ဖေဖေတို့ရဲ့ NLD ပါတီကောင်စီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်း တစညပါတီ ( တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ) ၊ ဦးခွန်ထွန်းဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီ၊ ဦးအောင်ကြီးရဲ့ပါတီ ( အမည်မမှတ်မိ ) စုစုပေါင်း လေးပါတီလောက်ပဲ ယှဉ်ပြိုင်ကြတာပါ။
အဲ့ထဲမှာ ကျွန်မ မှတ်မိသလောက်ပြောရရင် ဖေဖေတို့ရဲ့ NLD ပါတီက အဆင်းရဲဆုံးပါ။
ရွေးကောက်ပွဲနဲ့ စည်းရုံးရေးအတွက် ငွေကြေးစိုက်ထည့်နိုင်မှုအားနည်းတဲ့အပြင် ဖေ့ဖေ့ကိုလည်း ရန်ကုန်မှာ NLD တစ်ခုခုဖြစ်တိုင်း စစ်ထောက်လှမ်းရေးတွေက မကြာမကြာလာလာဖမ်းခေါ်သွားတတ်တဲ့အတွက် NLD ပါတီဝင်တွေဆိုရင် လူတွေအဖမ်းခံရမှာကြောက်ကြတဲ့ ပါတီလို့လည်း ပြောနိုင်ပါသေးတယ်။
၈၈ တုန်းက အဖွဲ့ဝင်တွေများသလောက် နောက်ပိုင်းမှာ အဖမ်းအဆီးတွေကလည်း များလာတဲ့အတွက် အဖွဲ့ဝင်တွေလည်း နည်းပါးလာသလို ပါတီအတွက် အလုပ်လုပ်ပေးတဲ့သူတွေ လည်းနည်းလာခဲ့ပါတယ်။
ဒါပေမယ့်လည်း ပါတီရဲ့ အမာခံလူတွေနဲ့ နိုင်ငံရေးစိတ်ဓာတ်အင်အားပြင်းသူတွေ တိုင်းပြည်ကို ပြောင်းလဲချင်သူတွေကတော့ NLD ပါတီကို ပေါ်ပေါ်ထင်ထင်ပဲကူညီအားပေးခဲ့ကြပါတယ်။
အဲ့ဒီတုန်းက မဲစာရင်းစစ်တဲ့ အလုပ်နဲ့ အဖေ့ရဲ့ ပတ်စပို့ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းကို ဖယောင်းစက္ကူနဲ့ လှိမ့်ထုတ်ပြီး ပြည်သူတွေလက်ထဲအရောက်ဝေပေးတဲ့အလုပ်တွေကို ကျွန်မက ဖေဖေ့ကို ကူညီရင်းနဲ့လုပ်ပေးခဲ့ဖူးတာလည်းမှတ်မိပါသေးတယ်။
တကယ်တော့ ကျွန်မကနိုင်ငံရေးကိုသိနားလည်လို့ မဟုတ်ပဲနဲ့ အဖေ့ကို ကူညီချင်တဲ့စိတ်နဲ့ အဖေ့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ဖယောင်းစက္ကူနဲ့လှိမ့်ပြီးထုတ်တော့ ဖေဖေ့ရဲ့ ဓာတ်ပုံကမည်းမည်းလေးပဲထွက်လာတယ်။
ဒီ့ထက်ကောင်းအောင်လည်း မလုပ်တတ် ၊ လုပ်နိုင်တဲ့ ငွေကြေးလည်းမရှိတော့ ဒီခပ်မည်းမည်းနဲ့ဖေဖေ့ရဲ့ပုံကိုပဲ လိုက်ဝေပြီး NLD ပါတီအကြောင်းရှင်းပြတဲ့အလုပ်ကိုလုပ်ခဲ့ရပါသေးတယ်။
အမေကတော့အစိုးရဝန်ထမ်း ဖြစ်တဲ့အတွက် အဖေ့ရဲ့မဲဆွယ်ရေးနဲ့ပါတီကိစ္စတွေမှာ မကူညီနိုင်ခဲ့ဘူး။ အဲ့တုန်းကအစိုးရဝန်ထမ်းတွေရဲ့ ဘဝကသိပ်ကိုသနားစရာကောင်းပါတယ်။ ၈၈မှာအစိုးရဝန်ထမ်းတွေပါဝင်လိုက်တဲ့အတွက် စစ်အစိုးရက သူတို့လက်ထက်မှာ အစိုးရဝန်ထမ်းတွေကိုကြောက်အောင်ခြောက်ထားပြီးအကြောက်တရားနဲ့ အုပ်ချူပ်ပါတယ်။
အစိုးရဝန်ထမ်းတိုင်းဟာ နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး ခံဝန်ချက်လို အချက်အလက်တွေ အများကြီးကိုအားလုံး လက်မှတ်ထိုးထားရတယ်။
အမေ့လိုနိုင်ငံရေးသမားတစ်ယောက်ရဲ့ ဇနီးသည်ဘဝကပိုဆိုး တာပေါ့။ ခင်ပွန်းသည်က နိုင်ငံရေးသမားဖြစ်နေတဲ့အတွက် အမေ့ဘဝကလည်း လုပ်ငန်းခွင်ထဲက ဖိနှိပ်မှုတွေကို လက်မခံချင်ပေမယ့် လက်ခံရတဲ့ကာလတွေပါ။
အဲ့ဒီတုန်းက ကျွန်မက ကိုးတန်းဖြေဆိုပြီးချိန်မှာတော့ကျောင်းပိတ်ရက်တွေမှာအဖေ့ကို ကူညီပေးနိုင်ခဲ့ပါတယ်။ မဲစာရင်းစစ်ပေးတာ၊ မဲပေးဖု့ ပညာိပေးတာ စတဲ့အလုပ်တွေနဲ့ နောင်ချိုမြို့နယ်ထဲက ရွာထဲကိုလမ်းလျှောက်ပြီးသွားကြရတယ်။
ရွာတွေကလည်းများသောအားဖြင့် ရှမ်းရွာတွေပါ။ ဗမာစကားတွေလည်း သိပ်မတတ်ကြတော့ ရှမ်းစကားမတတ်တဲ့ ကျွန်မအတွက် ခက်လှပါတယ်။ ဒါပေမယ့် ကျွန်မပြောသမျှတွေကို ရှမ်းလိုဘာသာပြန်ပေးမယ့်သူတွေရှိနေတွတာကတော့ ကံကောင်းတာပါပဲ။
အဲ့ဒီတုန်းက ရွာတွေကို စည်းရုံးရေးဆင်းတဲ့အခါမှာ ကျွန်မနဲ့အတူတူလိုက်ပေးကြတဲ့ သူတွေကတော့အတန်းတူသူငယ်ချင်းတွေအပြင် ဆယ်တန်းက အစ်ကိုကြီးတွေကလိုက်ပေးကြတာကို မှတ်မိနေပါသေးတယ်။
မှတ်မိသလောက်ပြောရရင် ကိုတိုး ၊ ကိုနေလင်း ၊ ကိုအောင်သူရ ၊ ကိုချစ်ပန်း ၊မခိုင်သင်းနွယ် နောက်ပြီးတော့ တောင်ရပ်က ဦးဘကြီးပူးရဲ့ သမီး လှလှမိုး(ကွယ်လွန်) ၊ မမျိုးမမ၊ ပြီးတော့ အချို့ကိုတော့ လူပဲမှတ်မိပေမယ့်နာမည်ကိုတော့မေ့နေပါတယ်။အဲ့ဒီလိုမေ့လျော့မှုအတွက်တောင်းပန်ပါတယ်ရှင်။
ကျွန်မတို့နဲ့ လမ်းလျှောက်ပြီး တစ်ရွာဝင်တစ်ရွာထက် နောင်ချိုမြို့နယ်ထဲ မှာ ဖေဖေ့ရဲ့ ကိုယ်ရေးအကျဉ်းစာရွက်လေးကို ဝေပြီး အတူတူလိုက်ပါစည်းရုံးခဲ့ကြတယ်။ သူတို့အနေနဲ့ တိုင်းပြည်ကို ပြောင်းလဲလိုစိတ်တစ်ခုတည်းနဲ့ ကြောက်ရွံမှုတွေကို ဘေးဖယ်ထားပြီး ဆောင်ရွက်ပေးခဲ့ကြတယ်ဆိုတာကို အခုလိုအသက်အရွယ်ရလာတဲ့အချိန်မှာ ပိုနားလည်လာခဲ့ရပါတယ်။
အဲဒီတုန်းက ကျွန်မတို့မိသားစုအနေနဲ့ ငွေကြေးအရလည်း ဆင်းရဲကြသလို ပါတီဝင်တွေကလည်း ချို့တဲ့ကြပါတယ်။ ပါတီကိုလည်းလှူရဲတဲ့သူလည်းမရှိသလို ပါတီဝင်တွေကလည်းဆင်းရဲနဲ့ ဘယ်လောက်တောင်ချို့တဲ့ခဲ့သလဲဆိုရင် ဈေးသက်သာစွာနဲ့ ရောင်းပေးပါမယ်ဆိုတဲ့ ဝါးခမောက်တောင် စည်းရုံးရေးလိုက်ဆင်းတဲ့လူစုံ ခမောက်မဆောင်းနိုင်ဘူး။ ( အဲ့တုန်းက လည်းပါတီရဲ့ အမှတ်တံဆိပ်က ခမောက်ပါ)
မနက်အစောကြီးထ အမေထည့်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်း စားပြီး တစ်နေကုန် တစ်အိမ်ဝင် တစ်အိမ်ထွက်လိုက်ဝေခဲ့ကြတာ။
ရွာထဲကအိမ်တွေကလည်း နံနက်ခင်းပိုင်းတွေဆိုင်ရင် လယ်တွေထဲဆင်းနေကြတာ ကျွန်မတို့က ပြောချင်တာ မှာချင်တာရှိရင် သူတို့ရှိတဲ့လယ်တောထဲထိလိုက်ပြောခဲ့ရတာမျိုးတွေလည်း ရှိပါသေးတယ်။
ဒေသခံ တွေကလည်း ကျွန်မတို့လို ကလေးသာသာ ကျောင်းသားလူငယ်လေးတွေ လာပြောတာကို သဘောတွေကြပြီး အသီးတွေခူးကျွေးတော့လည်း စားလိုက်တာပဲ။ ကောက်ညှင်းပေါင်းမုန့်တွေကျွေးတော့ လည်းစားလိုက်တာပဲ ။ပျော်စရာလည်းကောင်းတာပေါ့ရှင်။
အဲ့ဒီကာလ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲကာလတွေမှာတော့ ပြည်သူလူထုရဲ့ အရှိန်အဟုန်ပြင်းသော အချစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီပေါ်ကို တည်နေသလောက်စစ်အာဏာရှင်တွေရဲ့ အမုန်းတွေကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ်ကို ရှိနေတော့တာပါပဲ။
တကယ်တော့ စစ်တပ်ဟာ ပြည်သူလူထုက ထောက်ခံတဲ့ သူမှန်သမျှကို မနာလိုပြီး မုန်းတီးခဲ့တာ ၁၉၅၂ ခုနှစ် ကတည်းကပါပဲ။
ဦးနုကို လူတွေက ချစ်တဲ့အခါ ဗိုလ်ချုပ်နေဝင်းက မုန်းခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကချစ်တဲ့အခါ ဗိုလ်ချုပ်ကြီးတွေက မုန်းခဲ့တယ်။
ပြည်သူလူထုရဲ့ အချစ်ကို နည်းလမ်း မှန်ကန်စွာနဲ့ မရယူခဲ့ပါပဲနဲ့ ပြည်သူချစ်သမျှ လိုက်မုန်းအောင် သွေးထိုးပေးခဲ့တဲ့ စစ်တပ်ရဲ့ ဗီဇသွေးဟာ ဦးနေဝင်းဆီက စခဲ့တာလို့ အဲ့ဒီခေတ်က နိုင်ငံရေးသမားတွေက ထင်မြင်ယူဆခဲ့ကြပါတယ်။
အဲဒီတုန်းက ကြားခဲ့ရတဲ့ စစ်တပ်ရဲ့ အမုန်းကို ဆက်လက်ပြီး လေ့လာကြည့်တဲ့အခါမှာ တွေ့လာရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ပေါ်မှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လိုပဲ အနစ်နာခံပေးခဲ့ပါစေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီကို အမြဲတမ်းဖျက်ဆီးတိုက်ခိုက်ဖို့ပဲ အကြံထုတ်အာရုံရှိနေတဲ့ သူတို့ရဲ့ အတွင်းစိတ်တွေကို မြင်သာလာတော့တာပါပဲ။
၁၉၉၀ ရွေးကောက်ပွဲမတိုင်မီတုန်းကလည်း နိုင်ငံရေးမှာ အလှုပ်အခတ်တွေဖြစ်ခဲ့တာတွေရှိပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချူပ် ဖမ်းဆီးလိုက်တဲ့အတွက် ၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ခဲ့နိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံခဲ့ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့အရေးကိစ္စမှာလည်း ပါတီတွင်း သဘောထားကွဲလွဲမှုတွေရှိခဲ့ပါသေးတယ်။
အချို့က ဒေါ်စုမပါဘဲနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့ယူဆခဲ့ကြပြီး တစ်ချို့ကတော့ရွေးကောက်ပွဲဝင်မယ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ အစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချူပ်ကနေ လွတ်ပေးနိုင်မယ်လို့လည်း ယူဆခဲ့ကြပါတယ်။
ဒီလိုတပ်မတော်အစိုးရရဲ့ နိုင်ငံရေးအရဆောင်ရွက်ချက်နဲ့ တုံ့ပြန်မှုတွေဟာ နုနယ်သေးတဲ့ NLD ပါတီကို သွားသွားပြီး ရိုက်ခတ်စေပါတယ်။
ပြောရရင်တော့ တပ်မတော်အစိုးရက ပါတီကို ထိခိုက်အောင် ဆောင်ရွက်တဲ့နေရာမှာ သာနေတယ်လို့ပြောဆိုသုံးသပ်တာတွေလည်း ကြားခဲ့ရပါတယ်။ အစိုးရရဲ့ တိုက်ခိုက်ထိုးနှက်မှုတွေကြောင့် ပါတီတွင်းမှာလည်းမကြာခဏသဘောထားကွဲလွဲတာတွေ ၊ ခွဲထွက်ကုန်တာတွေလည်းရှိခဲ့ပါတယ်။ ဒီလိုတွေဖြစ်အောင် သေချာစီစဉ်ဆောင်ရွက်တာကို ဟိုးတုန်းကတည်းက သတိထားပြီးစောင့်ကြည့်မယ်ဆိုရင် ဒီနေ့ထိတွေ့မြင်နိုင်ပါတယ်။
သူတို့ရဲ့ ခြေလှမ်းတွေကို ဂရုတစိုက်နဲ့ သတိပြုမိကြရင်အစိုးရရဲ့တိုက်ခိုက်မှုကို NLD က ဘယ်လိုတုန့်ပြန်မလဲဆိုတာကို NLD ပါတီကနေဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းတင်သွင်းလွှာကို တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ( တ-စ-ည ) ကကန့်ကွက်လွှာတင်ပြီးကန့်ကွက်ခဲ့ကြသလို ၊ရွေးကောက်ပွဲမတိုင်မီမှာပဲ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေခဲ့တဲ့ NLD ပါတီက ဥက္ကဋ္ဌဦးတင်ဦးကို နေအိမ်အကျယ်ချူပ်ကနေ အင်းစိန်ထောင်အတွင်းအထူးတရားရုံးကနေ ခေါ်ယူပြီး ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သလို ၊ NLD ပါတီဝင်အချို့ကိုလည်း ထောင်ဒဏ်ချမှတ်တွေလုပ်ခဲ့ကြပါတယ်။
ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီ မဝင်နိုင်အောင် လုပ်လိုက်တာပါပဲ။ အဲလို လို ဖိလေ အန်အယ်ဒီပါတီဟာ လူထုရဲ့ ထောက်ခံ အားပေးမှု ရလေ၊ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ မနာလို မုန်းတီးမှုတွေနဲ့ မတရားလုပ်လေ ပြည်သူ့ရဲ့ အသည်းနုလုံး ဖြစ်လာလေဆိုတဲ့ သဘောကို ခုချိန်ထိ နားမလည် နိုင်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုလည်း အံ့သြမိပါတယ်။
တကယ်တော့ NLD ပါတီဆိုတာ စကတည်းက အခက်အခဲတွေ အတိုက်အခိုက်တွေနဲ့ စခဲ့ရတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်။ NLD ပါတီဝင်တွေဟာလည်း စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်နေတဲ့အတွက် မကြာခဏအကြောင်းရှာပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။
ဖမ်းရက်စေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့အချိန် အပြင်မှာဆိုရင်လည်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ကြုံရပြန်ပါသေးတယ်။
ကျွန်မကို အန်အယ်ဒီ သမီးမို့ မပေါင်းရဲ့တဲ့သူငယ်ချင်းတွေ ရှိခဲ့ပါတယ်။
အန်အယ်ဒီသမီးမို့ အခြားသူတွေနဲ့ အတူ မထိုင်ရဘဲ ခွဲထိုင်ရတာတွေလည်း ရှိခဲ့ပါတယ်။
အန်အယ်ဒီ သမီးမို့ ဆုမပေးရဲတာလည်း ကြုံခဲ့ရတယ်။
နောက်ပိုင်းမှာ ကျွန်မက မိသားစုစားဝတ်နေရေးအတွက် မူလတန်းပြ့ကျောင်းဆရာမလေး သွားလျှောက်တဲ့အခါ အန်အယ်ဒီသမီးဖို့ အလုပ်မရခဲ့တာလည်း ကြုံရဖူးတယ်။
ဒါတင်မကပါဘူး ကျွန်မ မေမေကိုလည်း အန်အယ်ဒီပါတီကိုယ်စားလှယ် ဇနီးမို့ စောင့်ကြည့်ခံရတာတွေ ကျူရှင်ပြရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခံရတာတွေ လည်း အဲ့တုန်းက ကျွန်မတို့ မိသားစု ကြုံခဲ့ရပါတယ်။
တကယ်တော့ Social Punishment ဆိုတာက အဲ့တုန်းက စစ်တပ်ဘက်က စလုပ်ခဲ့တာပါ။
NLD ပါတီဝင်တွေကို လူတွေ မဆက်ဆံရဲအောင် စကားမပြောရဲအောင် လုပ်ခဲ့ပါတယ်။ အန်အယ်ဒီပါတီကို ထောက်ခံတဲ့ သူဆိုရင် စစ်တပ်က စောင့်ကြည့်ပြီး ခေါ်မေးတယ်၊ ရက်အနည်းငယ် ဖမ်းဆီးပြီး ခြောက်လှန့်ခဲ့တယ်။
အချို့လူတွေက ဖေဖေနဲ့အတူ လက်ဖက်ရည်ဆိုင်တောင် မထိုင်ရဲတော့တာ၊နောက်ပိုင်းမှာ ကျွန်မတို့မိသားစုနေဖို့ အိမ် ငှားမပေးရဲတာမျိုးတွေလည်း ကြုံခဲ့ရတာပါပဲ။
ရှ့ဆက်ဖော်ပြပေးပါမည်။
အခန်း ၅ ကို ဖတ်ရှု့ရင်းနဲ့စာဖတ်သူများ ရင်ထဲ ထိခဲ့တဲ့ စာလုံးများအဖြစ်အပျက်များရှိရင်လည်း ကျွန်မကို သိခွင့်ပေးပါနော်။ စာဖတ်သူတွေရဲ့ ကော်မန့်တွေဟာ ကျွန်မအတွက် စာဆက်ရေးနိုင်ဖို့ ခွန်အားတွေပါပဲ။
ကျွန်မတို့မိသားစုရဲ့ဘဝဇာတ်ကြောင်းကို “ကျွန်မချစ်တဲ့သူတွေ” ဆိုတဲ့ ခေါင်းစဉ်နဲ့၂၀၁၅မှာရေးသားခဲ့ပြီး ၂၀၁၆မှာ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။၂၀၁၉ ခုနှစ်ထိ ခုနှစ်ကြိမ် ရိုက်နှိပ်ဖြန့်ဝေခဲ့ရတဲ့ ဒီစာအုပ်ကို မဖတ်ရသေးတဲ့သူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။စာအုပ်ထဲမှာ မပါသေးတဲ့ နောက်ပိုင်း အကြောင်းအရာတွေနဲ့ ခုနှစ်တွေကိုလည်းထပ်တိုးပြီးရေးသားနေပါတယ်။
မေတ္တာဖြင့်
ချစ်သောသူများအားလု့း ဘေးကင်းလိုရာပြည့်ပါစေ။
May Thingyan Hein-Myitmakha





Comments