သာယာတဲ့ အိမ်ထောင်ရေးအတွက် စိတ်တည်ငြိမ်မှုနဲ့ မျှတမှု ဘာကြောင့် အရေးကြီးတာလဲ။
- မေသင်္ကြန်ဟိန်(မြစ်မခ)

- Jan 8
- 2 min read

အိမ်ထောင်ရေးတစ်ခု သာယာတည်မြဲဖို့ဆိုတာ ချစ်ခြင်းတစ်ခုတည်းနဲ့ မပြီးနိုင်တာကိုတော့ လူတိုင်း ယေဘူယျနားလည် ထားကြမှာပါ။
ကျမရဲ့ အတွေ့အကြုံနဲ့ လေ့လာမှုတွေအရ ပြောရမယ်ဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ အတွက် အိမ်ထောင်ရှင်တွေရဲ့ စိတ်တည်ငြိမ်မှုနဲ့ တစ်ဦးအပေါ်တစ်ဦးက မျှတတဲ့ ဆက်ဆံရေး ရှိဖို့ လိုအပ်တယ်လို့ လက်ခံယူမိပါတယ်။
စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ တာမင် (Lewis M. Terman)စိတ်ပညာရှင် (Psychologist)ရဲ့ အဆိုအမိန့်တစ်ခုကို ကိုးကားချင်ပါတယ်။ တာမင်ဆိုတဲ့ စိတ်ပညာရှင်ကောတ့ လူ့အရည်အချင်း/အင်တလက်ချ် (intelligence) ကို တိုင်းတာတဲ့ စမ်းသပ်နည်းများ၊ လူ့စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို “တိုင်းတာနိုင်အောင်” လုပ်တဲ့ psychometrics လောကမှာ နာမည်ကြီးသူတစ်ယောက်ပါ။ သူက ပညာရေး/စိတ်ပညာသုတေသနတွေကို အချက်အလက်အခြေပြု လုပ်တဲ့ဘက်ကို အလွန်အားပေးခဲ့လို့ပါ။
သူ့ရဲ့ အိမ်ထောင်ရေး (Marital Happiness) သုတေသနပြုခဲ့ပါတယ်။
Terman က “အိမ်ထောင်ရေးသာယာမှုကို ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေ” ကို စနစ်တကျ စာရင်းကောက်ယူပြီး စိစစ်ရင်းရေးသားထားတဲ့ သူ့စာအုပ်/လေ့လာမှုအမည်က “Psychological Factors in Marital Happiness” (1938) လို့ လူသိများပါတယ်။ သူက အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့
သုံးသပ်ချက်တွေကို မီဒီယာနဲ့ သူ့စာအုပ်တွေမှာ အကျဉ်းချုပ်ဖော်ပြတဲ့အခါ—
စိတ်ခံစားမှု တည်ငြိမ်ခြင်း (emotional stability)
စနစ်ကျ၊ သေချာစွာလုပ်တတ်ခြင်း (methodical)
အပြန်အလှန် လေးစားမှု/အလျှော့ပေးနိုင်မှု၊ တစ်ဖက်ကို နားလည်လက်ခံနိုင်မှု
စတာတွေက အိမ်ထောင်ရေးသာယာမှုနဲ့ ဆက်စပ်နိုင် တယ်လို့ တင်ပြထားတာတွေ့ရပါတယ်။
Terman ရဲ့ အချို့အမြင်တွေက 1930s ကာလ စံနှုန်း/အမြင် အပေါ်မူတည်ပြီး ရေးသားထားတာလို့ ဆိုရပေမဲ့ ဒီကနေ့ ခေတ်အမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း လုံးလုံးလျားလျားကြီး ဆန့်ကျင်မနေပါဘူး၊ အခြေခံသဘောတရားခြင်းကတော့ ဆင်တူနေတာပါပဲ။
ကျမအနေနဲ့ကလည်း အိမ်ထောင်ရေးသာယာဖို့ အတွက် အိမ်ထောင်ရှင်တွေရဲ့
စိတ်တည်ငြိမ်နိုင်မှု (Emotional Stability)၊မျှတစွာ တွေးခေါ်နေရန်/တရားမျှတမှု (Fairness & Balance)က အရေးကြီးတယ်ဆိုတာကို လက်ခံပါတယ်။
ဒီအချက်တွေက အိမ်ထောင်ရေးထဲမှာသာမက လူမှုဘဝထဲမှာပါ လူတစ်ယောက်ရဲ့ သဘောထား၊ ဆက်ဆံရေးပုံစံနဲ့ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် သတ်မှတ်ပေးနိုင်ပါတယ်။
၁) စိတ်တည်ငြိမ်မှုမရှိတဲ့ လူတစ်ယောက်ဟာ အိမ်ထောင်ရေးမှာသာမက၊ လူ့အသိုင်းအဝိုင်းတွင်း ဆက်ဆံရေးတွေမှာ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကို လေ့လာကြည့်တဲ့အခါ။
စိတ်တည်ငြိမ်မှုမရှိသူတွေဟာ တော်တော်များများမှာ—
အဆိုးမြင်စိတ်များခြင်း
စိတ်ခံစားချက်ကို ဦးစားပေးပြီး ဆုံးဖြတ်လွယ်ခြင်း
ကိုယ့်စိတ်ကို မထိန်းနိုင်ခြင်း
အခြားသူကို အပြစ်တင်လွယ်ခြင်း
နောက်ဆက်တွဲအကျိုးဆက်ကို မစဉ်းစားဘဲ ပြော/လုပ်တတ်ခြင်း
တချို့အခါ ဖျက်ဆီးလိုစိတ် ထိတောင် ရောက်သွားတတ်ခြင်း နဲ့
ဒီလိုပုံစံတွေကြောင့် သူနဲ့ ဆက်ဆံရတဲ့ သူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတတ်ပါတယ်။ ဒါ့အပြင်
တစ်ဦးတစ်ယောက်တည်းကိုသာမက သူနားက အနီးကပ်မိသားစုဝင်တွေကိုပါ ထိခိုက်စေနိုင်တဲ့အတွက် အိမ်ထောင်ရေးကျေနပ်မှု နည်းလာသလို ဆက်ဆံရေးဟာခက်ခဲကြပ်တည်းလာ တတ်ပါတယ်။
ဒါ့အပြင်
၂) အဆိုးမြင်စိတ်များသူတွေမှာ တွေ့ရတတ်တဲ့ အခြေခံပုံစံ ကို ကြည့်မယ်ဆိုရင်လည်း
အဆိုးမြင်စိတ်များနေတဲ့သူက အရာရာတိုင်းအပေါ် မကျေနပ်လွယ် တတ်သလို၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာလည်း သံသရာထားလွယ် တတ်ပါတယ်။
သူတို့ဟာ အတွေးထဲမှာ မကြာခဏ စိုးရိမ်ပူပန်မှု ပိုများပြီး စိတ်ဓာတ်တည်ငြိမ်မှု မရနိုင်တဲ့ပုံစံတွေကို တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒီလိုအခြေအနေက “တစ်ဖက်သတ်အတွေး” ထဲမှာ ပိတ်မိသွားတာနဲ့ ဆင်တူပါတယ်။
တစ်ဖက်သတ်အတွေးထဲကနေ ရုန်းထွက်မလာနိုင်ရင်—
အဆိုးမြင်အတွေးတွေကပဲ ကိုယ့်ကိုယ်ကိုလည်း ထိခိုက်စေပြီး၊ ကိုယ့်အနားကလူတွေကိုလည်း ထိခိုက်စေသွားတတ်ပါတယ်။
၃) “တစ်ဖက်သတ်အတွေး + အတ္တ” က အိမ်ထောင်ရေးကို ဘယ်လိုဖျက်ဆီးနိုင်လဲ
တစ်ဖက်သတ်အတွေးတွေက အချိန်ကြာလာရင် အတ္တစိတ်များခြင်း ဆီကိုလည်း လွယ်လွယ်ကူကူ လှည့်သွားတတ်ပါတယ်။
အရာရာကို “ငါသာလျှင်” ဆိုတဲ့ မျက်မှန်နဲ့ မြင်လာခြင်း
ညှိုနှိုင်းပြောဆိုနေထိုင်ဖို့ ခက်လာခြင်း
ကိုယ့်အမြင်ကိုသာ မှန်တယ်လို့ ယုံကြည်ပြီး အခြားသူကို မလေးစားတော့ခြင်း
မကြာခဏ အနိုင်ကျင့်မိခြင်း သို့မဟုတ် စကားနဲ့ဖိအားပေးခြင်း
ဒီလိုအခြေအနေမှာ ဘယ်သူမဆို အမြဲတမ်း သည်းခံပေးနေရမယ်ဆိုတာ မဖြစ်နိုင်တဲ့အတွက် တည်မြဲပြီး သာယာတဲ့အိမ်ထောင်ရေး ကို ရရှိဖို့ ခက်ခဲလာတတ်ပါတယ်။
၄) သာယာတဲ့အိမ်ထောင်ရေးအတွက် အရေးကြီးဆုံး “၃ ချက် ” ကို မျှဝေရမယ်ဆိုရင်တော့
နားလည်ညည်းခံနိုင်ခြင်း
အတူတကွ မျှဝေခံစားနိုင်ခြင်း
မျှတစွာနေထိုင်နိုင်ခြင်း
ဒီ ၃ ချက်က စကားလုံးလှလှမဟုတ်ပါဘူး။
နေ့စဉ်နေ့တိုင်း ပြသနာလေးတွေ၊ မသဘောတူမှုလေးတွေကို ဖြတ်သန်းတဲ့အချိန်မှာ တကယ်တမ်း အိမ်ထောင်ရေးကို ကယ်တင်ပေးနိုင်တဲ့ အခြေခံတိုင်တွေပါ။
၅) “မျှဝေခြင်း” ဆိုတာ ဘာကို ဆိုလိုတာလဲ
မျှဝေခြင်းဆိုတာ ခံစားချက်တွေကိုသာ မျှဝေခြင်းမဟုတ်ပါဘူး။
ကျွန်မအနေနဲ့တော့ အိမ်ထောင်တာဝန်ကို နှစ်ဦးနှစ်ဘက် မျှဝေယူခြင်း လည်း ဖြစ်သင့်တယ်လို့ မြင်ပါတယ်။
ဥပမာ—
မိသားစုစားဝတ်နေရေး စီမံခန့်ခွဲခြင်း
ကလေး/ကျောင်းကိစ္စတွေ
အိမ်အလုပ်တွေ (ချက်ပြုတ်၊ သန့်ရှင်းရေး၊ စျေးဝယ်၊ အစီအစဉ်ချ)
မိဘ/ဆွေမျိုးရေး အခက်အခဲတွေ
အဲ့ဒီလို “နေရေးထိုင်ရေးတာဝန်တွေ” ကို တစ်ယောက်တည်း မထမ်းရဘဲ အတူတူ ဝိုင်းဝန်းမျှဝေယူနိုင်တဲ့အခါ အိမ်ထောင်ရေးမှာ တကယ်တမ်း သက်သာလာပြီး သာယာမှုကို ခံစားလာရပါတယ်။
၆) အိမ်ထောင်တချို့မှာ မမျှတမှုကြောင့် ဖြစ်လာတဲ့အခါ နာကျင်မှုတွေ ခံစားရပါတယ်။
အိမ်ထောင်အများစုမှာ အလုပ်တစ်ဖက်နဲ့အတူ အိမ်ရှင်မတစ်ယောက်က အရာအားလုံးကို သိမ်းကျုံးလုပ်နေရတာ ကို တွေ့မြင်ရတတ်ပါတယ်။
အထူးသဖြင့် “ယောင်္ကျားအိမ် လိုက်နေရတဲ့ အမျိုးသမီး” တွေအတွက် ပိုခက်ပါတယ်။ ခင်ပွန်းက ကူညီချင်တယ်ဆိုပေမယ့် “ဒါ မင်းအလုပ်မဟုတ်ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် အခြေအနေတွေ ပြန်ဆုတ်သွားပြီး ဇနီးသည်က တစ်ယောက်တည်း အလုပ်တွေကို ပြန်ထမ်းရ တတ်ပါတယ်။
ဒီလိုအခါမျိုးမှာ အိမ်ထောင်ရေးကို “သာယာတယ်” လို့ ခံစားဖို့ ခက်ခဲလာပါတယ်။ တချို့ကတော့ တစ်ဘဝလုံး သာယာတဲ့အိမ်ထောင်ရေးဆိုတာ ဘာမှန်းမသိဘဲ ဖြတ်သန်းသွားရတတ်ပါတယ်။
ကျမအတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့
အိမ်ထောင်ရေးသာယာဖို့ဆိုတာ “မတော်တဆကံကောင်းမှု” မဟုတ်ပါဘူး။
စိတ်တည်ငြိမ်မှု, မျှတမှု, မျှဝေမှု ဆိုတဲ့ အခြေခံတိုင်တွေကို နေ့စဉ်အလေ့အကျင့်လို တည်ဆောက်လာနိုင်တဲ့အခါ—အိမ်ထောင်ရေးက ပိုပြီး တည်မြဲလာပြီး နှလုံးသားပူလောင်မှုကလည်း လျော့နည်းလာတတ်ပါတယ်။
ဒါကြောင့် ဒီနည်းလမ်းကို အသုံးပြုကြည့်ပါနော်၊ အကြံပြုလိုတာကတော့
စိတ်မလှုပ်ရှားခင် ခဏနား — အငြင်းပွားမှုမှာ “အေးအေးဆေးဆေး ပြန်ဝင်နိုင်ခြင်း” က အရေးကြီး
တရားမျှတမှု/လေးစားမှု — အနိုင်ယူချင်တာထက် “နားလည်ညှိနှိုင်း”
နေ့စဉ်စနစ်တကျ — ငွေကြေး၊အိမ်ထောင်ရေးတာဝန်တွေကို ရှင်းလင်းစွာ သဘောတူထားခြင်း
သဘောထားကောင်း (temperament) — စိတ်တို/အပြစ်တင်ခြင်းများတဲ့ပုံစံက ဆက်ဆံရေးကို ပင်ပန်းစေတတ်
အသေးစိတ်အရာတွေကို မလျစ်လျူရှု — ပြောစကားနူးညံ့မှု၊ မေတ္တာပြသမှုလေးတွေက အရေးကြီး (ခေတ်မီအမြင်နဲ့တော့ “နှစ်ဖက်အပြန်အလှန်” လုပ်တာက ပိုတော်)
ကျမ အမြင်ကောတ့ အရာရာတိုင်းမှာ မျှတခြင်းက လိုအပ်ပါတယ်။
အိမ်ထောင်ရေးသာယာဖို့လည်း မျှတမှုလိုတယ်။ လူမှုဘဝသာယာဖို့လည်း မျှတမှုလိုတယ်။
အဆုံးသတ်မှာတော့ မျှတမှုဆိုတာ “တစ်ယောက်တည်းအတွက် မဟုတ်” တဲ့ အမြင်ကနေ စလာတာပါပဲ။
ကျေးဇူါ်တင်ပါတယ်။
ကျမထံမှာ ဗေဒင်မေးမြန်းလိုတယ်ဆိုရင်တော့ facebook page -messenger ကနေ ဆက်သွယ်နိုင်ပါတယ်။
ကျွန်မရေးသားထားတဲ့ စာများကို အခမဲ့ဖတ်ရှုလိုပါက May Thingyan Hein (Page) မှာ Like & Follow လုပ်ထားနိုင်ပါတယ်။
အိမ်ထောင်ရေးဆိုင်ရာ ဗီဒီယိုတွေကို ကြည့်ချင်ရင် YouTube မှာလည်း Subscribe လုပ်ထားနိုင်ပါတယ်။
မူပိုင်ခွင့် အသိပေးချက်
ဤစာစုကို Share/Copy လုပ်ပြီး အခြားအကောင့်များ၊ Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။




Comments