မမြင်နိုင်သော အခန်း ၁၂
- မေသင်္ကြန်ဟိန်(မြစ်မခ)

- Jan 6
- 6 min read
Updated: Jan 7

#မမြင်နိုင်သော
အခန်း(၁၂)
နု လူမှန်းသိတတ်စ အရွယ်ကတည်းက အကြောက်ရွံ့ဆုံးသော အမှုမှာ ငါးပါးသီလထဲမှ သီလတစ်ပါးပါးကို ဖောက်ဖျက်မိမှာကိုပဲ ဖြစ်သည်။
နုသည် ငယ်စဉ်ကလေးဘဝကတည်းက ကျောင်းဆရာ၊ ဆရာမဖြစ်သော မိဘများ၏ သွန်သင်ဆုံးမမှုများနှင့် ကြီးပြင်းခဲရသူဖြစ်သလို၊ အဒေါ်အပျိုးကြီးများ၏ အုပ်ထိန်းမှုအောက်တွင် နေထိုင် ခဲ့ရသူလည်း ဖြစ်သောကြောင့် ရွယ်တူကလေးများထက် နုသည် ကုသိုလ်နှင့် အကုသိုလ်ကို ကောင်းစွာ ခွဲခြားတတ်သော ဉာဏ်အသိလည်း ရှိခဲ့သူဖြစ်သည်။
နုသည် ငယ်စဉ်ကပင် ခြင်လေးတစ်ကောင်မျှပင် မသတ်တတ်သူဖြစ်ခဲ့သည်။ ပုရွတ်ဆိတ်လေး တွေကို ကယ်တင်တတ်သူ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ထို့ပြင် နုသည် ဘယ်သူ့ကိုမှလည်း လိမ်မပြောတတ်ခဲ့ပေ။ သူများပစ္စည်း လိုးဖို့ဆိုတာ ဝေး၊ မိဘထံမှ မုန့်ကိုတောင် မိဘကပေးမှ ကျွေးမှ စားတတ်သော ကလေးမျိုးလည်း ဖြစ်သည်။
နု အလယ်တန်းကျောင်းသူ ဘဝတွင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး စီရင်ခဲ့သော ဇိနတ္ထမကာသနီကျမ်း တစ်အုပ်လုံး မှတ်သားဖူးနေပြီး ဖြစ်သည်။ ထို့နောက် ဓမ္မပဒ ကိုလည်း ကျေညက်ခဲ့ ပြီး ကျင့်ကြံအားထုတ်မှုတွင်လည်း နုသည် ၁၀ နှစ်သမီးကတည်းကပင် ပရိတ်ကြီး ၁၁ သုတ်ကို မိဘများ နှင့်အတူ ပူဇော်နေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နုသည် အေးဆေးသော စိတ်နှလုံးကောင်းမွန်သော၊ ယဉ်ကျေးသိမ့်မွေ့သော မိန်းကလေးဖြစ်လာခဲ့သည်မှာ ပတ်ဝန်းကျင်ကြောင့်ဟု ဆိုနိုင်သလို အတိတ်ကံ ပါရမီကြောင့်ဟုလည်း ဆိုရမည်ပင်။
နုတက္ကသိုလ်တတ်သောအခါ မောင်နှင့် တွေ့၏။
နုသည် မောင့်ကိုလည်း စိတ်ဝင်စားမိသူဖြစ်သည်။ အသားဖြူဖြူ အရပ်မြင့်မြင့်က မောင့်ကိုထင်ရှားစေသည်။ အမှန်တကယ်တော့ နုသည် ရုပ်ရည် ကြည့်ကောင်းပြီး ချမ်းသာကြွယ်ဝသော မောင့်ကို စိတ်ဝင်စားခြင်းမှာ အကြောင်းရှိလေသည်။
နု အလယ်တန်းကျောင်းသူ ဘဝတုန်းက အဒေါ့် သူငယ်ချင်းတစ်ဦး၏ မင်္ဂတောင်သို့ သွားရင် ညဘက်မှာ အိမ်မက်မက်ခဲ့သည်။ နု၏ မင်္ဂလာဆောင်ဟု အိမ်မက်ထဲမှာ သိရသည်။ သည် စပါယ်ပန်းများဝေအောင် ပန်ထားပြီး မင်းသမီးတွေ ဝတ်သော ထိုင်မသိမ်းအင်္ကျီနှင့် ပုလဲပုတီးဝတ်ထားပြီး အမျိုးသားတစ်ဦးက ပုဝါစအဖြူဖြင့် ချယ်ထုံးလျက်ရှိသည်။ ထိုပုဝါစပေါ်သို့ နံ့သာရေစင်များ သွန်းလောင်းသည်။ ထို့နောက် နုအား ထိုအမျိုးသားက ရွှေလက်ကောက် ၇ ကွင်းကို ဝတ်ဆင်ပေးခဲ့သလို နုကလည်း ထို အမျိုးသားကို ဘေးတိုက်အနေအထားနှင့်ပင် ငေးမောနေခဲ့သည်ကို အိမ်မက်ထဲတွင် တွေ့လေသည်။
ငယ်စဉ်တုန်းက မက်ခဲ့သော အိမ်မက်ထဲက အမျိုးသားက
သူနှင့် ဆင်လေသည်။ ထို့ကြောင့် နုသည် သူ့ကို တွေ့တွေ့ချင်း ချက်ချင်းမသိသေးသော်လည်း သူ၏ ဘေးခုန်တွင် ဝင်ထိုင်လိုက်သော သူ့ကို ငဲ့ကြည့်သောအခါတွင်တော့ နု၏ အိမ်မက်ကို ဖြတ်ခနဲ အမှတ်ရပါသည်။
နုသည် ထိုသူအားသေချာ ငေးလျက် ကြည့်လိုက်မိသည်။ သူသည် စာရွက်ကို စူးစိုက်ပြီး ဖတ်နေသည်။ မျက်လွှာချထားသောကြောင့် သူ၏ မျက်တောင်များမှ ခပ်စိတ်စိတ်လေး ရှိနေပြီး အညိုရောင် ဖျော့ဖျော့ဖြစ်လေသည်။ ထို့ပြင် သူ့၏ ဆံပင်သည် အနက်ရောင်မဟုတ်၊ အညိုရောင်လည်း မဟုတ်သော ကော်ဖီရောင် ဖြစ်နေပြီး ထိုဆံပင်ပျော့များက နောက်ပြန်လှန်ဖြီးထားသော်လည်း တစ်ခုခုနှင့် သုတ်လိမ်းထားဟန်တူသည် ဆံပင်တို့သည် ပိရိသေသပ်နေလေသည်။ ပျော့ပျောင်းဟန်တူ သော ဆံပင်တို့က နဖူးအထက်မှ ခပ်အုပ်အုပ်ပြန်ကျနေသော်လည်း သူသည် ဆံပင်ခပ်တိုတိုသာ ညှပ်ထားလေသည်။ ထို ဆံပင်ပုံစံက လွဲပြီး သူ၏ ဖြောင့်စင်းသော ခေါင်းနှင့် အဖျားတွင် သွယ်တန်းသွား သော မေးရိုးတို့ကတော့ အိမ်မက်ထဲက လူနှင့် အတော်ကို တူပါသည်။
သူ့အသက်က ဘယ်နှနှစ်ပါလိမ့်။ အိမ်မက်ထဲက သူ၏ အသက်ကတော့ ၂၀ လားဟု နုက ခန့်မှန်းကြည့်သည်။ နုသည် အသက် ခန့်မှန်းရာ တွင် ကျွမ်းကျင်သူ မဟုတ်ပေ။
နောက်ပိုင်းမှာတော့ သူကို မသိမသာ နုက ကြည့်ရင်း အိမ်မက်ထဲက သူနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး တွေးခဲ့ဖူးသည်။ သူက နုကို စိတ်ဝင်စားနေပါပြီ ချစ်နေပါပြီဟု ဆိုသောအခါမှာတော့ လက်ထက်ရမည့် သူဟာ သူပဲဟုပင် တစ်ထစ်ချ ယုံကြည်လက်ခံ လိုက်ပါတော့သည်။
မောင်သည် ပျော်ရွှင်တက်ကြွသော လူငယ်တစ်ဦးဖြစ်ပြီး အပေါင်းအသင်းများအား အမြဲကျွေးမွေး နေတတ်သူဖြစ်သလို၊ ပစ္စည်းကောင်းများသာ သုံးစွဲတတ်သူမို့ ချမ်းသာသော အသိုင်းအဝိုင်းက မှန်းသိသာလေသည်။
နုကတော့ ကျောင်းဆရာဖခင်၊ ကျောင်းဆရာမ မိခင်နှင့် ပင်စင်စား အဒေါ်အပျိုကြီးများ၏ တူမ အဖြစ် အစစအရာရာကို စနစ်တကျဖြင့် သုံးစွဲရသူသာဖြစ်လေသည်။
မောင့်ဘဝတွင် နုကလည်း ထူးဆန်းသော အမျိုးသမီးဖြစ်သည်ဟု မောင်က ဆိုခဲ့လေသည်။ အများတကာတွေက တက္ကသိုလ်ကျောင်းသူအဖြစ် ဝတ်စားဆင်ယင်နေချိန်တွင် နုသည် အင်္ကျီအဖြူနှင့် ချည်ချိတ်ထမီလေးတွေကိုသာ ဝတ်ဆင်ခဲ့သူဖြစ်သည်။ ချည်ချိတ်ထမီများကလည်း အမေနှင့် အဒေါ်တို့ အပျိုတုန်းက ဝတ်ဆင်ခဲ့သော အဆင်များသာ ဖြစ်သောကြောင့် နုသည် ကျောင်းတွင်ခေတ်ဟောင်း ပုံရိပ် ဖြင့် ကျော်စောသူ ဖြစ်လေသည်။
နုနှင့် ပတ်သက်ပြီး သူ့မှာ အံ့ဩမဆုံးဖြစ်ရသည်က နုသည် ကျောင်းထဲရောက်သည်နှင့် မေတ္တာပို့ကာ အမျှဝေနေခြင်းမှာ သူ့အတွက် ထူးဆန်းလေသည်။ ထို့ပြင် ထမင်းစားခါနီးတိုင်းလည်း ဘုရားရှိခိုးသည် မဟုတ်ပါလား။
နု၏ သွင်ပြင်နှင့် လုပ်ရပ်ကြောင့် အချိုက နုကို ဥစ္စာစောင့်ဟုပင် သတ်မှတ်တော့လည်း နုက ပြုံးရုံသားရှိသည်။ ထို့ပြင် နုသည် ဘယ်သူပြောပြော သေသေချာချာ နားထောင်တတ်သည်ကို မောင်က အံ့ဩလေသည်။ သူက စကားအလွန်များသော သူ မဟုတ်ပါလား။
နုသည် ရုက္ခဗေဒမေဂျာသမားတိုင်း ပျင်းတတ်သော Paper One အချိန်တွင် မျက်လုံးလေးဝိုင်း လျက် နားထောင်နေတတ်ပြီး ကျောင်းသားအများစု စိတ်လှုပ်ရှားစေသော သတ္တဗေဒ လက်တွေ့ခန်းများတွင် နုကို မတွေ့ရပေ။ နုက လက်တွေ့ခွဲပြရန်အတွက် ဖားကလေးတွေ မေ့ဆေးပေး ထားသည်ကို မကြည့်ရက်သူဖြစ်သည်။ ယုန်ကလေးကို ခွဲပြမည့် နေ့ကဆို နုသည် လက်တွေ့ခန်းထဲသို့ ရောက်ပင် ရောက်မလာခဲ့ပေ။ ဒါကို ကြည့်ခြင်းအားဖြင့် နုသည် သူစိတ်ဝင်စားလျှင် တစ်ဆုံးထိ လေ့လာတတ်ပြီး သူ့စိတ်ထဲ မပါလျှင်တော့ ပြတ်သားသော သူမျိုးပင် ဖြစ်လေသည်။
မောင်သည် ဒုတိယနှစ်တက်နေစဉ်မှာပင် နုကို စိတ်ဝင်စားပြီး ချစ်နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းမှ မေဂျာပေါင်းစုံ ဘာသာ ပေါင်းစုံတစ်ကျောင်းလုံးသိအောင် ကြေညာပြီး နုနားကပ်ခဲ့သူ ဖြစ်သည်။
ချစ်သူဘဝ ၂ နှစ်ကျော်ကို ဖြတ်သန်းကြပြီးသောအခါ နုနင့် မောင်က လက်ထပ်ခဲ့ကြသည်။
လက်ထပ်ပြီးသောအခါတွင် နုနှင့်မောင်သည် အတော်ကို ကွာခြားသော စရိုက်၊ လက္ခဏာနှင့် ဘဝဆိုင်ရာ အယူအဆတို့ မတူညီကြသည်ကို သိရသည့်အပြင် ဘဝအပေါ် တန်ဖိုးထားခြင်းလည်း မတူ ခရီးပန်းတိုင်သည်လည်းမတူသည်ကို နုက စတင်သိရှိလာခဲ့ လေသည်။
နုသည် လူ့ဘဝတွင် နေထိုင်ရခြင်းမှာ ရည်ရွယ်ချက်ရှိလေသည်။ ကျင့်ဝတ်များရှိသလို၊ တာဝန်များလည်းရှိသည်။ ထိုရည်ရွယ်ချက်၊ ကျင့်ဝတ်၊ တာဝန်များနှင့် ပြည့်စုံမှသာ လူဘဝသည် အနှစ်သာရ ရှိပေမည်။ အိမ်တောင်ပြုခြင်းသည်က လူသားတာဝန်တစ်ခုကို မဖြစ်မနေ ထမ်းဆောင်ရခြင်း တစ်ခုဖြစ်သည်။
လူသားတစ်ယောက်၏ ဘဝတွင် တာဝန် (၃) ရပ်ရှိသည်ဟု နုက လက်ခံထားပါသည်။ ပထမ တာဝန်မှာ မိမိကိုယ်ကို လူကောင်းဖြစ်အောင် တည်ဆောက်ရမည့် တာဝန်ဖြစ်သည်။
လူကောင်းဖြစ်မှာ ပတ်ဝန်းကျင်ကို ကောင်းစေနိုင်မည် မဟုတ်ပါလား။ ဒုတိယ တာဝန်ကား မိမိ၏ ပတ်ဝန်းကျင်ကို ကောင်းသော ပတ်ဝန်းကျင်အဖြစ် တည်ဆောက်ပေးရမည့် တာဝန်ဖြစ်သည်။ တတိယ တာဝန်ကား မိမိလို ကောင်းမွန်သော သူများကို မွေးထုတ်ပေးရမည့် တာဝန်ဖြစ်သည်။ နုသည် ထို တာဝန်သုံးပါးကို ကျေပွန်ချင်သူသာဖြစ်သည်။
ထို့ကြောင့် နုသည် လူမှန်းသိတတ်သောအရွယ်ကစပြီး ကိုယ့်ကိုယ်ကို လူကောင်းအဖြစ် ကောင်းသထက်ကောင်းအောင်သာ ကြိုးစားနေထိုင်ခဲ့သည်။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်လည်း အားထုတ်ကြိုးပမ်းနေသူလည်း ဖြစ်သည်။
သို့သော်မောင်သည် နု ကဲ့သို့ မဟုတ်မှန်း လက်ထပ်ပြီးမှသာ သိရလေသည်။ နုနှင့် မောင်သည် လောကအမြင်ချင်းမတူပေ။ နုက ဆန်ရသည်ကို မက်မောသူဖြစ်၏။ မောင်က စုန်ရသည်ကိုသာ ရွေးချယ်သူဖြစ်လေသည်။ သို့သော်လည်း နုသည် မောင့်ကိုချစ်ပါ၏၊ ကြင်နာခဲ့ပါ၏။ မောင်ကလည်း နုကို ချစ်လေသည်။ ကြင်နာလေ၏ သို့သော် နု၏ ချစ်ခြင်းနှင့် မောင်၏ ချစ်ခြင်းသည် မတူသလို၊ ကြင်နာခြင်း က လည်း ခြားနားလေပြန်သည်။
နု၏ ချစ်ခြင်းသည်ကား မောင့်ကို နေ့စဉ် ဒါန ပြုစေလိုသည်။ ထို့ကြောင့် နေ့စဉ် ဆွမ်းအတူလောင်းဖို့ တိုက်တွန်းလေသည်။ ထို့ကြောင့် နုသည် နံနက်စောစောထပြီး ဆွမ်းကို ကိုယ်တိုင်လည်း ချက်သည်။ ပြီးလျှင် မောင်နှင်အတူ အိမ်ရှေ့ထွက်ပြီး တန်းဆွမ်းလောင်းလေသည်။ နံနက် ၈ နာရီတွင် လောင်းလှူရသော ထိုတန်းဆွမ်းမီရန်အတွက်ကား နံနက် ၇ နာရီတိုင်း နှိုးရသည်မှာ ပင်ပန်းလှပါသည်။ မောင်သည် အအိပ်မက်သူလည်း ဖြစ်သည်။ နေ့စဉ်ပြုသောဒါန ကုသိုလ်ထဲတွင် နု၏ အခြားကုသိုလ်တစ်ခုကတော့ ဆင်းရဲနွမ်းပါးသူများထံမှာ ဝယ်ယူအားပေးတတ်ခြင်းပင် ဖြစ်သည်။
ဆင်းရဲနွမ်းပါးသူများအား သနားလျှင် အလကားပေးပါဟူသော စကားကို နုက လက်မခံပါ။ ငွေကို အလကားပေးခြင်းသည် ထို လူအားဖျက်ဆီးရာ ရောက်သည်။ ထို့ကြောင့် အလုပ်လုပ်သော နွမ်းပါးသူများအပေါ် စေတနာထားလိုက်ခြင်း၊ သူတို့၏ လုပ်အားကို အားပေးခြင်းသည်သာ သင့်လျော် သည်ဟု နုက တွေးသူဖြစ်သည်။
မောင်ကတော့ နုလို တွေးသူမဟုတ် ဆင်းရဲနွမ်းပါးသူများထံမှ ကူးစက်ရောဂါ ရနိုင်သည်ဟု တွေးတတ်သောသူသာ ဖြစ်သည်။ နုသည် နေ့စဉ် ငါးပါးသီလကို မြဲမြံသူဖြစ်သည်။ မောင်ကိုလည်း နုက သီလ စောင့်ထိန်းစေချင်ပါသည်။ သို့သော် မောင်သည် တိရိစ္ဆာငယ်လေးများကို လူချွတ်မှ ကျွတ်သည်ဟု ဆိုကာ အသားအမျိုးမျိုးကို စားသောက်တတ်သူဖြစ်သည်။ တစ်ခါတရံတွင်တော့ အမဲပစ်သေနပ်ဝယ် လျက် သူငယ်ချင်းများနှင့်အတူ အမဲလိုက်ထွက် တတ်သေး၏။
မောင်၏ ထိုအကျင့်နှင့် ပတ်သက်၍ နုသည် စိတ်ပင်ပန်းဆင်းရဲရလေသည်။ နုသည် မောင့်အား သတ္တဝါတို့၏ အသက်ကို မသတ်ဖို့ နည်းပေါင်းစုံဖြင့် ဖြောင်းဖြခဲ့ဖူးသည်။ သို့သေည် မောင်သည် ပြုံးလျက်၊ ရယ်မောလျက်သာ ရှိပြီး သူငယ်ချင်းတွေက ၆ လတစ်ခါ အမဲပင်ဖို့ ခေါ်လျှင် လေသေနတ်ဆွဲကာ လိုက်သွားမြဲဖြစ်သည်။ ပြီးလျှင် သူပစ်လာသော ယုန်လေးတွေကို ကြွားတတ်သေးသည်။ ထိုထက်ပိုဆိုးသည်ကတော့ သူပစ်လာတဲ့အမဲတွေ၊ သူငယ်ချင်းတွေ ပစ်လာတဲ့ အမဲတွေကို ဖုတ်ခိုင်းတာ တစ်မျိုး၊ ကြော်ခိုင်းတစ်သွယ် အမျိုးမျိုးလုပ်ပြီး အိမ်မှာပင် ပါတီလုပ်လေ့ရှိသူလည်းဖြစ်သည်။ ထိုအမဲတွေ ကို နုကလည်း မကိုင်ပေးလိုသည်မို့ ဦးကျော်က အမဲတွေကို ချက်ပြုတ်ကြော်လှော်ဖို့ စားဖိုးမှူးငှားပေးပြီး ထိုပြဿနာကို ဝိုင်းကူကာ ဖြေရှင်းပေးခဲ့ရသည်။
ဒါ့အပြင် မောင်က စီးပွားရေး အတွက်၊ အလုပ်အတွက် ငယ်သူငယ်ချင်းတွေအတွက်၊ မိတ်ဆွေတွေ အတွက် စသော အတွက် အတွက်များဖြင့် အရက်သောက်ကြပြီဆိုလျှင် နုကိုလည်း သူ့ဘေးတွင် ပါစေ့ချင်သည်။ နုကို ဝိုင်ဖြစ်ဖြစ်သောက်ပြီး ယောကျ်ားနှင့်အတူ ခေတ်မှီသော မိန်းမဖြစ်စေချင်သူ ဖြစ်သည်။ နုကလည်း ထိုကဲ့သို့ နည်းလမ်းနှင့် ခေတ်မမှီချင်သူ ဖြစ်သည်။
ထို့ပြင် နုသည် အိမ်ထောင်ပြုခြင်းမှာ ကာမဂုဏ်ခံစားရန်အတွက် မဟုတ်ပါ။
အမြင်ကျဉ်းသော စိတ်ဖြစ်သော မောင်နှင့်အတူနေထိုင်လိုခြင်း စွဲလမ်းမှုတဏှာအတွက်လည်း လက်ထက်ခဲ့သူ မဟုတ်ပါ။ နုသည် မိန်းမသားဘဝ၊ မိခင်ဘဝဖြင့် လောကအကျိုးသယ်ပိုးနိုင်ရန်ကောင်းသော မျိုးဆက်ကို လောကအတွက် မွေးထုတ်ပေးရန် ရည်မှန်းချက်ထားပြီး အိမ်ထောင်ပြုခဲ့သူသာ ဖြစ်သည်။
သို့ရာတွင် အိမ်ထောင်သည်ဘဝတွင်လျှင် မျှော်လင့်သော အိမ်ထောင်သည် ဘဝမျိုးကို မရခဲ့ပါ။
သားသမီးရရှိစေဖို့အတွက် နုတို့ ကြိုးစားခဲ့ကြသော်လည်း မောင်၏ သုတ်ရည်မှာ သန္ဓေသား အောင်ရန်အတွက် ပြည့်မီခြင်း မရှိသောကြောင့် ဟူသောအကြောင်းပြချက်တစ်ခုဖြင့် နုတို့သည် သားသမီး မရခဲ့ပေ။
ထိုအခါ ဘဝ၏ ရည်မှန်းချက်ဖြစ်စော လောကအတွက် ကောင်းသော မျိုးဆက်ကို မွေးထုတ်ပေးလိုသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ခက်ခဲကျပ်တည်းလာခဲ့ပြီး မဟုတ်ပါလား။
နုသည် ထိုအကြောင်းတွေးမိတိုင်း ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ သို့တိုင်အောင် မောင့်ကိုလည်း အပြစ်မတင်ရက်ပေ။
ဒါကိုပင် နု၏ ကံကြမ္မာဟုပင် လက်ခံလိုက်ပြီးနောက် မောင့်ကိုလည်း ကြင်နာမြဲ ကြင်နာလျက် နု၏ အိမ်ထောင်သည် ဘဝကို ရောင့်ရဲကျေနပ်မှုဖြင့် နေထိုင်လေတော့သည်။
သို့တိုင်အောင်နုသည် လောက၏ ရည်မှန်းချက်တစ်ခုဖြစ်သော လူကောင်းလူမွန်လူမြတ် ဖြစ်ရေးကိုကား မစွန့်ခဲ့ပါ။ နုသည် လူကောင်းအဖြစ်သာမက မွန်မြတ်သော သူလည်းဖြစ်လိုသူမို့ သီလဆောက်တည်ခြင်းကိုလည်း ဘာကြောင်းကြောင်းကြောင့်မှ အပျက်မခံခဲ့ပေ။
မောင်ဘယ်လောက်ပဲ တောင်းဆိုနေပါစေ။ ငါးပါးသီလက မဖျက်နိုင်သူလည်းဖြစ်သည်။ မောင့်ကြောင့်သားမဟုတ် အခြားသို့သော အကြောင်းကြောင်းမျှ သီလစောင့်ထိန်းခြင်းကို ထိခိုက်ခံနိုင်သူ မဟုတ်ပါပေ။
ထိုကိစ္စနှင့် ပတ်သက်လျှင် မောင်သည် နုအား နားမလည်နိုင်ဘဲ ရှိသည်။ နုသည် မောင့်အပေါ် သက်သက်မဲ့ အနိုင်ယူလို တွယ်ကပ်လိုသောကြောင့် ဖြစ်သည်ဟု ထင်လျက် မောင်က မကျေမနပ်ဖြစ်ခဲ့ သည်မှာ အကြိမ်ကြိမ်ပင် မဟုတ်ပါလား။
နုသည် လပြည့် လကွယ်တိုင်း ၉ ပါးသီလကို အဓိဌာန်ဖြင့် ဆောက်တည်လေ့ ရှိသူဖြစ်သည်။ အပျိုကတည်းကပင် ပြုခဲ့သည်မို့ အိမ်ထောင်ကျလျှင်လည်း ခွင့်ပြုရမည်နော်ဟု မောင့်ကို ခွင့်တောင်းခဲ့ ဖူးသည်။
ထို့ကြောင့် ခွင့်တောင်းသောအခါ မောင်က ခွင့်မပြုလိုသော်လည်း ခွင့်ပြုပေးရှာသည်ပင်။
နုသည် ၉ ပါးသီလယူလျှင် တစ်နေကုန် ခြံထဲဆင်းပြီး မေတ္တာ ဘာဝနာပွားနေတတ်သူဖြစ်သည်။
မောင်သည် ထိုနေ့မျိုးဆို နုအနားသို့ ကပ်ခွင့်မရပေ။ နုသည် ဥပုဒ်စောင့်သည့် နေ့တိုင်း ဘုရားခန်းနှင့် ကပ်လျက် အခန်းထဲတွင် တစ်ယောက်တည်း သွားအိပ်လေ့ရှိပါသည်။
“နု စဉ်းစားကြည့်နော် ညစာ မစားတာက ဝိတ်ကျချင်လို့ဆိုရင် မောင်လက်ခံတယ်။ ညစာ မစားလို့ ကုသိုလ်ရမယ်ဆိုတာမျိုး မောင်က လက်မခံဘူးသိလား၊ အစားမစားဘဲ အကြာကြီးနေတဲ့အတွက် ကျန်းမာရေး ဘယ်လောက် ထိခိုက်မယ် ထင်သလဲ နုဟင် ... မင်း ပညာတတ်တယ် မဟုတ်လား၊ ကျန်းမာရေး ဂျာနယ်ထဲမှာ ဖတ်ဖူးတယ်သိတယ်မဟုတ်လား” -- ဆိုတာမျိုး နု၏ သီလစောင့်ထိန်းခြင်း အပေါ်တွင် ဝေဖန်ပြောဆိုနေတတ်သောကြောင့် နုမှာ မောင့်အပေါ် ဒေါသမထွက်မိစေရန်လည်းကောင်း၊ မေတ္တာဘာဝနာပွားခြင်းကို မထိခိုက်စေရန် မနည်းရှောင်နေရပြန်သည် မဟုတ်ပါလား။
ဒါအပြင် မောင်က
“လင်နဲ့ မယားအတူတူနေကြတာဟာ ဖို မ သဘာဝပဲ ၊ အဲဒါကို စောင့်ထိန်းချင်ရင် နဂိုကတည်းက ဘုန်းကြီးဝတ်၊ သီလရှင်ဝတ်မှာပေါ့ ခုဟာက နုလုပ်နေတာ အဓိပ္ပာယ်မဲ့နေသလိုပဲ မင်း ဝိသာခါ ကျောင်းအစ်မကြီး အကြောင်း သိမှာပေါ .. ဝိသာခါ ကျောင်းအစ်မကြီးက အပျိုကြီး မဟုတ်ဘူးဆိုတာ လည်း မင်းသိတယ် မဟုတ်လား” ဟု တစ်မျိုး။
ဒါ့အပြင် နုသည် အခါကြီးရက်ကြီးတွေမှာ သက်သတ်လွတ် စားသည့်အခါတိုင်းမှာလည်း မောင်က သဘောမကျနိုင်ပေ။
မြတ်စွာဘုရားက သက်သတ်လွတ်စားဖို့ မမှာခဲ့ဘူးဆိုတာ သိတယ် မဟုတ်လား၊ ဒေဝဒတ်ကပဲ သက်သတ်လွတ် ဘုဉ်းပေးဖို့ ဝိနည်းသတ်မှတ်ခိုင်းခဲ့တာကိုလည်း မင်း ဖတ်ဖူးတဲ့ ဓမ္မပဒမှာ ပါတယ်လေ နုရဲ့ မင်းကတော့ လွဲနေပြီ
နုသည် အငြင်းသန်သော မောင်နှင့်လည်း မငြင်းချင်။ ဘာသာရေးနှင့် အလှမ်းဝေးလှသော မောင့်ကို ရှင်းပြလျှင်လည်း နားမလည်နိုင်သူမို့ နုသည် မောင်နားလည်အောင် ရှင်းမပြမိခဲ့တာက နုရဲ့ အားနည်းချက်ပင် ဖြစ်သည်ဆိုတာကို နုက ခုမှပင် သိရလေသည်။
ဒါအပြင် မောင်သည် နုအား အလုပ်လုပ်ခွင့် မပေးခဲ့သော်လည်း နုကတော့ မိုးလင်းတာနှင့် မောင့်အတွက် နံနက်စာကအစာ နေ့လည်စာအဆုံး သေချာချက်ပြုတ်ပေးလျက် အိမ်ရှင်မကောင်း ပီသအောင် ကြိုးစားနေထိုင်ခဲ့သည်။ တစ်နေ့ကုန်မောင်ရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်အလုပ်တွေ လုပ်ခဲ့သော ကြောင့် နုသည် ညဘက်ရောက်မှသာလျှင် ဘုရားရှိခိုး၊ သီလယူရခြင်း၊ ပရိတ်ပဌာန်းများပူဇော်ပြီး တရား ထိုင်ခြင်းတို့ကို ဆောက်ရွက်ရပါသည်။
ညဘက်ဘုရားခန်းထဲမှာ တရားထိုင်နေသည်ကို တွေ့တိုင်း မောင်သည် မကျေနပ်ပေ။
မောင်သည် မျက်နှာတင်းကျပ်မှုန်မှိုင်းစွာဖြင့် နုအား ခုတင်ပေါ်ကနေအမြဲ စောင့်နေရသည် မဟုတ်လား အခါများစွာပင် တရားထိုင်လို့ ပြီးဆုံးချိန်ဆိုလျှင် မောင်သည် အိပ်ရာပေါ်တွင် အိပ်မောကျနေ တတ်သည်မှာ ညစဉ်ညတိုင်းပင် ဖြစ်သည်။
တစ်ခါတစ်ရံဆို တရားထိုင်လို့ မပြီးခင်မှာပင် မောင်သည် ဘုရားခန်းထဲထိ လိုက်လာတတ်ပြီး နုအား အကြောင်းအမျိုးမျိုးပြပြီး ခေါ်ထုတ်လျက် နုကို အတင်းဖက်နမ်းကာ သူ၏ အလိုကို လိုက်စေ ခဲ့သူလည်း ဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် နုသည် မျက်ရည်ကျမိပါ၏။
မောင်သည် မိရိုးဇလာ ဗုဒ္ဓဘာသာမျှသာဖြစ်ပြီး ရုပ်ဝါဒဆန်သူ တစ်ဦးလည်း ဖြစ်သည်ဆိုတာကို လက်မထပ်ခင်ကတည်းက သိခဲ့ဖို့ ကောင်းပါသည်။ ဒါ့အပြင် မောင်သည် နုလို မဟုတ်၊ လောကီစည်းစိမ်ကို အလွန်မက်မောသော သူတစ်ဦးဖြစ်သလို၊ ကာမဂုဏ်အာရုံကို မက်မောသော သူပါလား ဆိုတာကိုလည်း နုက လက်ထက်ပြီးမှသာ သိရလေသည်။
မောင်လိုချင်သော မောင်မက်မောသော အိမ်ထောင်ရေးခံစားမှုများ အိမ်ထောင်ရေးဆိုင်ရာ သာယာမှုများကို နုသည် ဖြည့်ဆည်းနိုင်သူ မဟုတ်သည့်အပြင် ဖြည့်ဆည်းနိုင်ဖို့လည်း နုက မကြိုးစားခဲ့ သည်ကိုတော့ ဝန်ခံရပါလိမ့်မည်။
တစ်ခါတရံတော့လည်း မောင့်ဘက်ကနေ စဉ်းစားပေးသင့်ခဲ့သည် ဟုလည်း တွေးခဲ့ဖူးပါသည်။
သို့တိုင်အောင် နု၏ အဓိဌာန်များဖြင့် သီလယူလျက် ကိုယ့်ကိုယ်ကို တည်ဆောင်နေမှုကိုလည်း မောင့်အလိုအတွက်ဖြင့် မရပ်တန့်နိုင်သူလည်း ဖြစ်သည်။
နုက အခါကြီးရက်ကြီးတွေမှာ ၉ ပါးသီလယူတတ်သလို၊ သင်္ကြန်တွင်းဆိုလျှင်လည်း တရားစခန်းသွားချင်သူ ဖြစ်သည်။
မောင်ကတော့ နုနဲ့ အကြာကြီး မခွဲနိုင်ပါဘူးကွာဟုဆိုကာ နုကို တရားစခန်းသွားခွင် မပြုခဲ့သူလည်းဖြစ်သည်။ နုက မောင့်ကို ရွဲ့လျက် တရားစခန်းမသွားရသည့်တိုင် ၃ ရက် ဆက်တိုက် ၅ ရက် ဆက်တိုက် ၉ ပါးသီလ ယူလျှင်လည်းတဖျစ်ဖျစ်တောက်တောက် ပြောနေတတ်သလို ညဘက်ဆို သူငယ်ချင်းခေါ်ပြီး ဝီစကီ ဝိုင်းဖွဲတတ်သည် မဟုတ်ပါလား။ အစစအရာရာမှာ မောင်နှင့် နုက ကွဲပြားကြပေမဲ့ တစ်ယောက်ကို တစ်ယောက် ရွဲ့သည် နေရာတွင်တော့ တူညီကြသည် ထင်ပါသည်။
မောင်ကလည်း ၉ ပါးသီလယူလျှင် အရွဲ့တိုက်ပြီး ဝိုင်းဖွဲ့ သောက်စားလေသည်။
နုကလည်း မောင်က အမဲလိုက်ပြီဆိုလျှင် အမဲကို ဖက်ကြပြီဆိုလျှင် ဘုရားခန်းထဲက မထွက်တမ်း တရားထိုင်းနေတတ်သူ ဖြစ်သည်။
သို့သော်လည်း တစ်ယောက်ကိုတစ်ယောက် ခွဲခွာဖို့ကိုတော့ ဘယ်သူကမှ မစဉ်းစားခဲ့ကြပါ။
ထိုသို့ နေနေရင်းနှင့် ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သော အဖြစ်မပျက်တစ်ခုကို ကြုံလိုက်ရလေသည်။
တစ်နေ့တွင် နုသည် မောင်နှင့်အတူ ထမင်းစားပြီးသောအခါ အိမ်ရှေ့က ပန်းခြံထဲက ခုံတွင် ထိုက်လျက် စကားပြောရင်း ဆနွင်းမကင်းမုန့်စားလျက် ရှိသည်။
မောင်က ရှေ့တည့်တည့်မှာ အချိုမှုန့်ပန်းကန် ကိုင်လျက် ထိုင်နေသလို နုကလည်း မောင့်ရှေ့တွင် ထိုင်လျက် နှင်းဆီပန်းတွေကို ငေးရင်း မောင်ကမ်းပေးလိုက်သော ပန်းကန်ထဲက ဆနွင်းမကင်းကို ခရင်းဖြင့် ယူရင်း မောင့်ကို ဖြတ်ခနဲ့ ကြည့်လိုက်သောအခါ နုသည် ကြည်သီး ဖြန်းဖြန်းထအောင် ချောက်ချားသွားရလေသည်။
နုလက်ထဲမှ ဆနွင်းမကင်းကိုင်ထားသော ခရင်းသေးလည်း လွတ်ကျသွားလေသည်။
“မောင်က ဘာလဲဟင်” ဟု မေးရင်း နု၏ မျက်နှာပျက်ကာ ချောက်ချားနေသည်ကို တွေ့သောအခါ နားမလည်နိုင်ဘဲ လေးပတ်ဝန်းကျင်ကို ဟိုဟို ဒီဒီလျှောက်ကြည့်လေတော့သည်။
“နု သရဲတွေ့လိုက်တာလား ဟုတ်လား --ဘယ်မှာလည်း ဘယ်လိုလဲ” ဟု မဖြေမချင်း မောင်သည် ဆက်တိုက်မေးလေတော့သည်။
နုသည်ချက်ချင်းပင် ကိုယ့်စိတ်ကိုယ် ရပ်တည်ရာရအောင် ဝင်လေထွက်လေကို မှတ်ချက်နေရင်း အသက်ပြင်းပြင်းသာ ရှုလိုက်ထုတ်လိုက် လုပ်နေခဲ့ရသည်။
နုသည် သရဲကို မတွေ့ဘဲနဲ့လည်း တွေ့သည်ဟု လိမ်၍လည်း မဖြေချင်ပါ။
သို့သော်လည်း ထိတ်လန့်သွားရသည်ကတော့ အမှန်ပဲ ဖြစ်သည်။ သို့ပေမဲ့ မောင့်ကို ဘယ်လို ပြောပြရမှန်းလည်း မသိပါ။
ထိုကြောင့်နုသည် မောင်၏ ဆက်တိုင်မေးခွန်းများကိုလည်း ခံနိုင်ရည်မရှိတော့သဖြင့် ရုတ်တရက် လန့်သွားသည်ဆိုတာကိုပင် နားမလည်ခဲ့ပေ။
တကယ်တော့ တွေ့ခဲ့သည်မှာ မောင်ထင်မှတ်ခဲ့သလို သရဲလည်းမဟုတ်၊ တစ္ဆေလည်း မဟုတ်ချေ။
နုမျက်စိထဲတွင် မောင်က အရိုးစုကြီး ဖြစ်နေသည်။ အရိုးစုကြီးက နုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လျက် နုအား ဆနွင်းမကင်းပန်းကန်ကို ပေးနေတာကို နုက မြင်လိုက်ရခြင်းဖြစ်သည်။
နု မျက်စိနှင့် ဒိဌမြင်လိုက်သော အရိုးစုကြီးမောင်ကား ဟိုဟို ဒီဒီလိုက်ကြည့်နေသေးသည့် ကလည်း ခြောက်ခြားစရာပင်ဖြစ်သည်။ အရိုးစုကြီးသည် မျက်စိတည်းက မထွက်တော့ပေ။
နုသည် ထိုအချိန်ကစပြီး မောင့်ကို မြင်တိုင်း တစ်ခဏသာ မြင့်ခဲ့ရသော အရိုးစုကြီးကို မမေ့တော့ ပေ။
မောင်သည် နုနားမှာ နေလျှင်လည်း နုသည် ထို အရိုးစုကြီးကိုသာ မြင်မိသောကြောင့် နောက်ဆုံး မောင့်ကိုပင် မကြည့်ရဲအောင် ဖြစ်လာခဲ့သည်။
ထိုအချိန်ကစပြီး နုသည် ဒီအတိုင်း နေလို့ မဖြစ်တော့ဘူးဟု ယုံကြည်လာသည်။
သို့သော်လည်း ထိုအကြောင်းကို မောင့်ကိုလည်း ပြောပြလို့ မဖြစ်ပေ၊ မောင်ကလည်း ယုံလိမ့်မည် မဟုတ်ပါ။ နုသည် ဘယ်သူကို ပြောလို့ ပြောရမှန်းမသိအောင်ပင် ဒုက္ခရောက်နေတော့သည်။
နုအား လက်ရှိဘဝကနေ အလွတ်ရုန်းရန်အတွက် နိမိတ်ပေးခြင်းလားဟုလည်း တွေးမိပြန်ကာ စိတ်ထဲ ကိုယ့်ကိုယ်ကိုလည်း အရိုးစုကြီးလို့ပင် မြင်လာကာ ထွက်ပြေးချင်လာလေသည်။
ဒီကြားထဲ မောင်က စီးပွားကို လောဘတကြီး ရှာနေဖွေနေသည်ကို မြင်ရတွေ့ရသော အခါ နုသည် လောဘ၏ အပြစ်၊ ယုတ်ညံ့ခြင်း၊ ညစ်နွမ်းခြင်းတို့ကိုသာ မြင်လာပြီး၊ စည်းစိမ် ဥစ္စာတို့ကိုလည်း မတပ်မက်တော့ပေ။ မောင်က သူ ဘယ်လို လုပ်လို့ ဘယ်လောက်မြတ်လာတာဟု ပြောလျှင်ပင် နုသည် မောင် အမြတ်ကြီး စားလိုက်သော ပစ္စည်းကို ဝယ်ယူသုံးစွဲကြမည့် ဆင်းရဲသူ ဆင်းရဲသားများကို မြင်ယောင်ပြီး ခါးသီးလာမိလေသည်။
နုသည် လောဘ၏ အပြစ်ကိုလည်း မြင်လာသိလာ၏ ထို့ပြင်မောဟ၏ အပြစ်ကိုပါ မြင်လာသောအခါ ထို ဒုက္ခဘုံထဲကနေ လွတ်မြောက်ရာကိုသာ ရှာလိုတော့သည်။ သို့တိုင်အောင် နုသည် ဘယ်နှယ့်လုပ်ရမှန်းလဲ မသိပြန်ပေ။
ခေါင်းကို ရိတ်ပြီး သီလရှင် လုပ်ရအောင်လည်း မောင်က ခွင့်ပြုမည် မဟုတ်ပေ။ မောင်က ယောဂီဝတ်ပြီး ရိပ်သာ သွားမည်ကိုလည်း ခွင့်မပြုပြန်။ နုသည် ဘယ်လိုလုပ်ရမှန်းမသိသည်ကပင် ဝမ်းနည်းစရာပင် မဟုတ်ပါလား။
နောက်ဆုံးတွင် နုသည် မောင်မြင်ရန် တွေ့ရန်ပင် ခဲယဉ်းလှသော ထိုခြံဝင်း၏ နောက်ဘက်ရှိ ပိတောက်ပင်ကြီးအောင်တွင် သွားပြီး တရားကျင့်နေခဲ့သည်။ မောင်သည် ဘယ်ပျောက်ပျောက်လို့ သွားသလဲဟု ရှာဖွေနေတာကြားသိတိုင် နုသည် တရားကျင့်နေခြင်းကို မဖြုတ်တော့ပေ။
မောင့်ကိုလည်း အနားကပ်မခံတော့ဘဲ အနားကယ်လာလျှင်လည်း တောင်းပန်၍သာ လွတ်တော့သည်။ ထိုအခါ မောင်သည် ညည်းညူရုံမျှမက ဒေါသပင် ထွက်လာတော့သည်။
“နု တော်တော် လွန်နေပြီနော် မင်းဟာက မဟုတ်တော့ဘူး ဒါကို လက်မခံနိုင်ဘူးဆို မင်း သီလရှင် ဝတ်ပါလား ဘာလို့ ငါ့ကို ယူခဲ့သေးလဲ”
ထိုသို့ဆိုလျှင် နုသည် မောင့်ကို ရှင်းပြချင်ပြောပြချင်စိတ်လည်း မရှိဘဲ မျက်နှာငယ်လျှက် ခေါင်းငုံ့ နေသောအခါ မောင်သည် ဗြန်းခနဲ့ နောက်လှည့်ပြီး နံရံကို လက်သီးဖြင့် ဒေါသတကြီး ထိုးတတ်လေသည်။
ထိုနောက်ပိုင်းမှာတော့ နုသည် အိမ်မှာပင် ကိုးပါးသီလကို အဓိဌာန်ဖြင့် တည်ဆောင်နေခဲ့ပြီး နောက် မောင့်ကို ခွင့်မတောင်းဘဲ မိုးကုတ်ရိပ်သာသို့ တရားစခန်းဝင်ခဲ့လေတော့သည်။
တရားရိပ်သာထဲတွင် နုသည် စိတ်ကြည်လင်လာသည်။ လွတ်မြောက်ခြင်းအတွက် နည်းလမ်းကိုလည်း ရှာတွေ့လာသူလို ဖြစ်လာသောအခါ နုသည် မောင့်ကိုလည်း တရားအရသာကို သိစေချင်မိပြန်သည်။
သို့နှင့် အိမ်ပြန်လာခဲ့ပြီး မောင့်ကိုပါ ပြောင်းလဲနိုင်ရေးအတွက် နုက ကြိုးစားခဲ့မိပါသည်။ ဒါကပင် နုတို့ နှစ်ယောက်ကြား ဝေးကွာစေခဲ့သော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ရှေ့ဆက်ဖော်ပြပေးပါမည်။
ကျေးဇူးတင်ပါတယ်။
ကျွန်မရဲ့ စာများကို အခမဲ့ ဖတ်ချင်တယ်ဆိုရင် May Thingyan Hein (Page)မှာ Like & follow လုပ်ထားပါ။အိမ်ထောင်ရေးဆိုင်ရာ ဗီဒီယိုတွေကို ကြည့်ချင်တယ်ဆိုရင် Youtubeကကျမရဲ့ အကောင့်မှာ https://www.youtube.com/@MayThingyanHeinMyitmakha မှာ Subscribe လုပ်ထားပြီးကြည့်လို့ရပါတယ်။
ကျမထံမှာ ဗေဒင်မေးမြန်းလိုတယ်ဆိုရင်တော့ facebook မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်ပါတယ်နော်။
ချစ်သောသူများအားလုံး ကျန်းမာပါစေ၊ချမ်းသာပါစေ။
ဘေးကင်းလိုရာပြည့်ကြပါစေ။




Comments