မမြင်နိုင်သော ( အခန်း ၁၃ )
- မေသင်္ကြန်ဟိန်(မြစ်မခ)

- Jan 5
- 6 min read

မှတ်မှတ်ရရ ထိုနေ့က တို့ အိမ်ထောင်သက် ၁၅ နှစ်ပြည့်ရန် ရက် ၂၀ ခန့် လိုသောနေ့တွင်ဖြစ် သည်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့လည်း ဖြစ်လေသည်။
နုသည် မိုးကုတ်ရိပ်သာကနေ သင်္ကြန်တွင်း ၁၀ ရက် တရားစခန်းဝင်ခဲ့ပြီးနောက် အိမ်အပြန်လမ်း တွင် မောင် လာမကြိုဘဲ ဦးကျော်ကို လွှတ်လိုက်ကတည်းကပင် နုအတွက် ထူးဆန်းနေခဲ့လေသည်။
အိမ်ပြန်လာသောအခါ ခြံတွင်းရှိ ပိတောက်ပင်များတွင် ပိတောက်ပန်းများဝေလျက် ပိတောက် ရနံ့ သင်းပျံ့နေသလို ကံ့ကော်ပန်းတို့သည်လည်း အခိုင်တိုင်းတွင် ညွှတ်အိ၍ မြေသို့ ကျမတတ် တွဲရ ရွဲရ ပွင့်နေသည်ကို မြင်ရသောအခါ နုသည် ကြည်နူးပျော်ရွှင်သွားခဲ့သည်။ ထိုအပျော်သည် ထိုနေ့အတွက် နောက်ဆုံးဖြစ်လိမ့်မည်ဆိုတာကိုတော့ ကြိုတင်မရိပ်မိခဲ့ပါချေ။
ဪ ထူးထူးခြားခြား ပိတောက်ပန်းတို့ ပွင့်ပြီး ကံ့ကော်ပန်းတို့ လှိုင်သော ပန်းရနံ့များ သင်းပျံ့နေသော ကြည်းနူးသာယာဖွယ် နှစ်သစ်တွင် ခုလိုမျိုးကြုံရလိမ့်မည်ဆိုတာကို နုက အိမ်မက်ပင် မမက်ခဲ့ဖူးပါပေ။
နုသည် အိမ်ရောက်ရောက်ချင်း ပန်းခူးပြီး ဘုရားလှူဖို့တွေးမိသော်လည်း မောင့်ကိုတွေ့လိုမြင်လို သော စိတ်ဖြင့် မောင် ရှိနေမည်ထင်သောနေရာသို့ အပြေးအလွှားသွားခဲ့မိသည်။
မောင်သည် နုတို့ အခန်းထဲမှာပင် ရှိနေခဲ့လေသည်။ နုက ကြည်လင်သာယာနေခဲ့ပေမယ့် မောင်ကတော့ ညှိုးလို့ မှိုင်းလို့ ရှိနေသည်ကို နုက မြင်မြင်ချင်းမှာပင် သတိပြုလိုက်မိလေသည်။
သို့သော်လည်း မောင်က နံနက်ဆိုလျှင် ညက အရှိန်ဖြင့် ခေါင်းနောက်တတ်သည် မဟုတ်ပါလား။
ထို့ကြောင့် နုသည် မောင့်ကို ကော်ဖီတစ်ခွက်ပင် ဖျော်တိုက်ရမလားဟု မေးလိုက်ပါသေးသည်။ သို့သော်လည်း မောင်က ခေါင်းခါယမ်းလျက် မလိုအပ်ကြောင်း ပြသခဲ့လေသည်။
မောင်က အိပ်ရာပေါ်တွင် ထိုင်ပြီး ဖုန်းသုံးနေသည့်နားတွင် နုက ဝင်ထိုက်လိုက်သည်။
“မောင် နေရထိုင်ရတာ အဆင်ပြေရဲ့လားဟင်”
“ပြေပါတယ်”
မောင်က ထိုစကားသာ ပြောလိုက်ပြီး တက်ကျမ်းစာအုပ်ကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိဘဲ ဟိုလှန်ဒီလှန်လုပ်လျက် ကြည့်နေလေသည်။
နုသည် မောင့်အပြုအမူနှင့် မျက်နှာပေးကို ကြည့်ရင်း စိတ်ထဲထူးဆန်းသလိုရှိနေလေသည်။ ပြီးတော့ မောင်သည်ပင် နုနှင့် မပတ်သက်တော့သော သူစိမ်းတစ်ယောက်လို ခံစားမိပြန်သည်။
“နု ရိပ်သာမှာလည်း တွေးမိပါတယ် မောင်ရယ် သိလား”
ပထမအကြိမ် တရားစခန်း (၇) ရက် ဝင်စဉ်တုန်းက ထိုသို့ မေးလိုက်လျှင် မောင်သည်
“အော် မင်းက မောင့်ကိုတော့ သတိရသေးတယ်နော်” ဟု တုန့်ပြန်ရင်း နုကို စိတ်ဆိုးစိတ်ကောက် ခဲ့ဖူးသည် မဟုတ်ပါလား။ ခုတော့ မောင်သည် အင်းမလှုပ်၊ အဲ့ မလှုပ်နှင့် စကားကိုလည်း စိတ်ဝင်စားဟန် ရှိမနေပြန်ပါ။ နုသည် လှိုက်ခနဲ ဝမ်းနည်းသွားမိသည်။ မောင်သည် နုကို ဘယ်လိုများ တုန့်ပြန်မလဲဟင် မောင် စိတ်ကောက်လျှင် နုက စိတ်ရှည်လက်ရှည်ချော့တတ်သူမို့ မောင် စိတ်ကောက်မှာကို နုက မစိုးရွံ့လှ ပေ။ သို့ပေမဲ့ ဒီလို အေးစက်စက် စိမ်းသက်သက် ဆက်ဆံတော့လည်း နုက ဝမ်းနည်းတတ်ပါသည်။
“မောင် ဘာဖြစ်လို့လဲဟင်”
မောင်က ခေါင်းမမော့ဘဲ ခေါင်းယမ်းပြသည်။
“ဟိုလေ.... တစ်ခုခု အဆင်မပြေတာရှိနေရင်လည်း နုကို ပြောပြနော် မောင် ရင် ထဲ ပေါ့သွားပေါ့...နော်။
မောင်သည် ငြိမ်နေဆဲ။
“အော်--တရားစခန်းဝင်ရင်းနဲ့လေ ... နုနဲ့ မောင် အိမ်ထောင်သက် ၁၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ရိပ်သာမှာ ယောဂီဆောင်တစ်ဆောင် လှူမလားလို့ စဉ်စားမိသေးတယ် ဘယ်နှယ်လဲဟင်” မောင်သည် တိတ်ဆိတ်နေဆဲဖြစ်သည်။
“အဲဒါ လှူကြမလားဟင် ”
မောင်သည် မဖြေပါ။ မောင်သည် သူ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သော စာရေးဆရာဖေမြင့်၏ တက်ကျမ်းစာအုပ်ကို ကိုင်လျက် ကြည့်နေဆဲဖြစ်သည်။ ထို့ကြောင့် နုသည် မောင့်နားကပ်လိုက်ပြီး မောင့်မျက်နှာကို အနီးကပ်ကြည့်သောအခါ မောင်သည် မျက်နှာပျက်သွားပြီး စာအုပ်ကို လက်ကမချဘဲ တင်းတင်း ကိုင်ထားလေသည်။
နုသည် အလျော့မပေးဘဲ -မောင့်မျက်နှာကို လိုက်ကြည့်မိလေသည်။ ထိုအခါ စာအုပ်ကိုင်းထားသော မောင့်လက်တွေ တုန်တုန်ယင်ယင်ဖြစ်လာကြသည်ကို တွေ့လိုက်ရသောအခါ ရင်ထဲ ထိတ်ခနဲ့ ဖြစ်သွားသည်။
ဘုရားရေ မောင် ဘာတွေများ ဖြစ်ခဲ့ပါလိမ့်။
“နု အိမ်မှာ မရှိတဲ့ ၁၀ ရက်အတွင်းမှာ မောင် ဘယ်လို ပြဿနာတွေနဲ့များ ကြုံခဲ့ရပါလိမ့်”
လမ်းမှာတုန်းကတော့ ဦးကျော်ကလည်း ဘာမှ မပြောခဲ့ပဲ တိတ်ဆိတ်နေခဲ့သည်ပင်။
“ဦးကျော်ရေ -- မောင် ဘာဖြစ်လို့ လာမကြိုနိုင်သလဲဟု - မေးတုန်းကလည်း ဦးကျော်က ဆရာ ခေါင်းကိုက်နေတယ်တဲ့ ဆရာကတော်ဟုသာ ဖြေခဲ့သည်။ စိတ်ထဲ မောင်မနေ့ညတုန်းက သောက်ခဲ့သည် မို့ ဒီမနက် ခေါင်းကိုက်ခြင်းလား” ဟု သာ တွေးမိခဲ့ သည်ပဲ။
ခုတော့ မောင့် အမူအရာသည် ခေါင်းကိုက်နေသော အမူအရာမျိုး မဟုတ်တာကတော့ သေချာသွားလေးပြီ။
“ မောင်--ရေ”
နုသည် မောင့်လက်တို့ကို ခပ်ဖွဖွကိုင် မေးလိုက်သည်။ နုသည် လက်ထဲက စာအုပ်ကို ဆွဲယူလိုက် ပြီးနောက် မောင့် မျက်နှာကို ကြည့်လိုက်လေသည်။ မောင့် အကြည့်ကလည်း ဆန်း၏။
သို့သော် မောင်သည် ချက်ချင်းပင် နုထံမှ အကြည့်ကို လွှဲကာ သက်ပြင်းချ၏။
“ဟာ - ဘာဖြစ်နေတာလဲ..... မောင်ရာ နု တော်တော်လေး စိတ်ပူနေပြီ”
မောင်က မျက်မှောင်ကြုတ်၍ကြည့်သည်။ မောင့် မျက်လုံးများတွင် နုကို စိတ်တိုဒေါသထွက် နေသော အရိပ်အယောင်များ ရှိမနေဘဲ စိတ်မကောင်းဖြစ်ခြင်းကိုသာ တွေ့လိုက်ရလေသည်။
နုသည် အံ့ဩသော စိတ်ဖြင့် မောင့်ကို ငေးကြည့်နေမိ၏။ ထို့ထက်လည်း နုသည် မတတ်နိုင်တော့ ပေ။
အခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။ မောင်သည် ခုတင်ပေါ်တွင် ထိုင်လျက် ကြမ်းပြင်ကို အကြောင်းမဲ့ ငေးဆဲ၊ နုသည် မောင့်မျက်နှာကို ငေးဆဲ။ ထိုအချိန်မှာပဲ မောင်က အားတင်းလိုက်ပြန်သည်။
“နု --- မောင်လေ မင်းကို ချစ်ပါတယ် ကွာ”
နုသည် ပြုံးလိုက်မိ၏။
“အောင်မလေး -- မောင်ရယ်”။
နု ရင်ထဲပေါ့သွားသည်။ မောင်က ဒီလို တစ်ခါတရံကျတော့လည်း ကြောင်တတ်သည် မဟုတ်ပါလား။ ခုလည်း ၁၀ ရက် စခန်းဝင်သည်ကို မောင်က စိတ်ကောက်နေပြန်လေပြီ။
“အော်-- ဒါများ မောင်ရယ် -- နုသိတာပေါ့ ရင်ထဲ ထိတ်သွားတာပဲ - ဘာများဖြစ်လို့လဲဆိုပြီးတော့...”
“ ဖြစ်တာပေါ့ -- နုရယ် အဲဒါကြောင့် မောင့်မှာ ဘယ်လို ပြောရမှန်းတော့ မသိဘူး....”
နု ရင်ထဲ ထိတ်ခနဲ ဖြစ်ရပြန်လေသည်။
“ဟင်-- ဘာဖြစ်လို့လဲ”
မောင်သည် နုကိုလည်း မကြည့်ဘဲ ခေါင်းငုံ့ထားပြန်သည်။ ပြီးတော့မှ မောင်သည် နုကို စေ့စေ့ကြည့်ပြန်သည်။ သို့တိုင်အောင် ခုတင်မွေ့ရာပေါ်ချထားသော မောင့်လက်တို့သည် တုန်ယင်လျက် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
“မောင်လေ မိန်းကလေး တစ်ယောက်နဲ့ ပတ်သက်ပြီး ချစ်မသွားတယ်ထင်တယ် နုရယ်”
နုသည် ဆွံ့အသွား၏။ ပါးစပ် အဟောင်းသား ငေးမောရင်း ရင်ထဲ တလှပ်လှပ်ဖြစ်လာပြီး ပျို့ ချင်သလိုလို ဖြစ်လာလေသည်။ မောင်သည် နုအား မိန်းကလေးတစ်ယောက်ကို ချစ်နေကြောင်း နှုတ်ကနေ ဖွင့်ဟပြောလာသတဲ့လား။
ပြီးတော့ နုသည် စိတ်ထိန်းလိုက်ပါသည်။ အံကြိတ်လိုက်ပြီး နောက် နုသည် အားတင်းကာ မောင့်ကို ကြည့်လိုက်မိ၏။
မောင်၏ မျက်နှာတွင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချပြီးသော သေချာမှုကို မြင့်တွေ့ရလေသည်။ မောင်၏ သွယ်ကာဖြောင့်သော မေးရိုးများသည် ထိုအချိန်တွင်တော့ ခိုင်မာသော မေးရိုးများဖြစ်လျက် လေးထောင့်ကြနေလေပြီ။ မောင်သည် အသက် ၄၀ ကျော် အရွယ်မို့ လူငယ်တစ်ယောက်လို စိတ်လှုပ်ရှားသော ဟန်မျိုးကိုလည်း မတွေ့ရပါ။
မျက်ဝန်းများသည်လည်း နောက်ဆုတ်တော့မည် မဟုတ်ကြောင်း သိသာစေသော အေးစက်ခြင်းနှင့် မာကျောခြင်းတို့ ရှိနေကြသည်။
နုသည် မျက်စိမှိတ်လိုက်သည်။ အသံကို တည်တည်ငြိမ်ငြိမ်ထားနိုင်ပြီဟု ယုံကြည်မှ နုက စကားစ လိုက်ပါသည်။
“အဲဒီတော့ မောင် ဘာဆက်လုပ်မလဲ”
နုသည် အသံမတုန်စေရန်အတွက် ဂရုစိုက်နေလျက်နှင့်ပင် အသံတို့သည် အဖျားဆွတ်တွင် တုန်ယင်နေလေသည်။ သို့တိုင်အောင် နုသည် မောင့်ကို စိုက်ကြည့်ပြီး အေးဆေးစွာ မေးလေသည်။ မောင်သည် မျက်လွှာချလိုက်၏။ သို့သော်လည်း ထိုမေးခွန်းအတွက် မောင့်တွင် အဖြေရှိလေသည်။
“သူနဲ့ အတူတူနေချင်တယ်”
နုအသည်းကို ဓါးထက်ထက်ဖြင့် ထိုးစိုက်လိုက်သလိုပင် ရင်ထဲ စူးနစ်နာကျင်သွားရလေသည်။ နုသည် ဒူးတွေ ခွေကျမသွားစေဖို့အတွက် စားပွဲစွန်းကို လက်ဖြင့် ဖိကိုင်လိုက်ရလေသည်။
နုသည် ချက်ချင်းပင် မျက်ရည်များလည်လာသည်။
နုသည် မောင့်ကို ချစ်၏။ သို့သော် နု၏ ချစ်ခြင်းသည် မောင်လိုချင်သော ချစ်ခြင်း မဟုတ်ပါ။ မောင်ကလည်း နုကို ချစ်မည်မှာ သေချာခံစားရပါသည်။ သို့သော် မောင်လိုချင်သော အချစ်ကို နုသည် မပေးနိုင်ပါဘဲ မောင်လိုချင်သော ချစ်ခြင်းကို မောင် ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပုံ ရလေသည်။ မောင်သည် မိန်းမများအား အပျော်တွဲတတ်သူ မဟုတ်မှန်း သိသောအခါ မောင်က ထိုမိန်းကလေးနဲ့ အတူတူနေချင်သ တဲ့ - မောင် ဆန္ဒသဘောထားကို သိရလေပြီ။
“မောင်ကို သူက အိမ်ထောင်ပျက်လို့ ထင်ထားပုံရတယ်”
မောင်က နုကို ဖျက်ခနဲ ကြည့်လိုက်သည်။ နုသည် မောင့်ကို ငေးနေရင်းနှင့်မှ မျက်ဝန်းတို့ ဝေသီနေသည်ကို မောင်မြင်မှာတွေ့မှာ စိုးသောကြောင့် ချက်ခြင်းပင် တစ်ဘက်သို့လှည့်လိုက်သည်။ နု မျက်နှာကို မောင် မမြင်ရတော့ပါ။ မောင်သည် နုကို မကြည့်ဘဲ မျက်နှာလွှဲလျက် ကြမ်းပြင်ကိုသာ ငေးကြည့်နေသည်။
နုစားပွဲပေါ်က စိတ်ပုတီးကို ငေးကြည့်နေလေသည်။
အချိန်အကြာကြီးနေမှ-- နုကစပြီး မေးမိပြန်သည်။
“သူက မောင့်ကို လက်ခံမယ်လို့ ထင်လား”
မောင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ပြီးနောက် နုကို တစ်ချက်ကြည့်၏။ မောင့် အကြည့်ထဲတွင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့်။
“ငယ်ငယ်ရွယ်ရွယ်လှလှပပ မိန်းကလေးက မောင့်လို အသက်ကြီးကြီး ဗိုက်ရွဲ့ရွဲ့ အဖိုးကြီးကို သူ့ ပတ်ဝန်းကျင်မှာပါ မိတ်ဆက်ပေးနေတာ သက်သက်မဲ့ ကစားချင်တာဆိုရင်..”
နု ဗြုန်းခနဲ မောင့်ဘက် လှည့်ကြည့်လိုက်သည်။ မောင်သည် သူ့ကိုယ်သူ မေ့လျော့ကာ ရွှေရုပ်လေး ကောက်ရသလို ထင်နေပုံရ၏။ ကိုယ့်ထက် အသက်ကြီးသော အိမ်ထောင်ရှိခဲ့ဖူးသော ယောကျ်ားတစ်ယောက်ကို ခပ်ငယ်ငယ်မိန်းကလေးတွေ သဘောကျတတ်သော အချက် ၂ ချက်သာ ရှိသည်။ ဒုတိယ အချက်ကတော့ လူငယ် လူရွယ်များထံက မရနိုင်သော သာယာမှုဖြစ်ကြောင်း နုက စာအုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။ သို့တိုင်အောင် မောင့်ကို နုတော့ ဒီလို မပြောရက်ပေ။
“မောင်ကို သူ လက်ခံမယ်လို့ ယုံတယ်ပေါ့”
မောင်သည် ချက်ချင်းပင် စိတ်အားထက်သန်စွာ ဖြေလေသည်။
“သူ မငြင်းဘူးလေ”
နုအသည်းနှလုံးသည် တစ်စစီဖြစ်သွားလေသည်။
မောင်သည် ထိုမိန်းကလေးပေါ်တွင် သာယာသွားခဲ့ပြီး ဖြစ်သည်။
နုရင်ထဲ အောင့်လာသည်။ ပြီးတော့ လက်ဖျားမှာ ချွေးစေများဖြင့် အေးစက်လာတော့သည်။
နှစ်ယောက်စလုံး တိတ်ဆိတ်စွာ ငိုင်နေကြသည်။ တိုင်ကပ်နာရီ တချက်ချက် မြည်သံသာ ကြားရလေသည်။
မောင်သည် နုအား တစ်ချက်မျှ ကြည့်လျက် ဆက်ပြောလေသည်။
“မောင်က နုကို ဘယ်လို ပြောပြရမှန်းမသိအောင် ဖြစ်နေတာ ပြီးတော့ နုလည်း ... နုသည် အာခေါင်တွေ ခြောက်လာသည် မောင် ဘာပြောတော့မှာလဲ--ဟင်”
မောင်က နုကို ကွာရှားပေးပါလို့ ပြောလိုက်တော့မှာလား ဒါဆို နုက ဘယ်လို ပြောရမလဲ
ထိုစဉ် မောင့်ရဲ့ ဆယ်လူလာ ဖုန်းသံမြည်လာလေသည်။
“ခဏနော်”
မောင်သည် ဖုန်းကို ကိုင်လျက် အခန်းပြင်ဘက်သို့ ထွက်သွားလေသည်။
“ ဟယ်...လို အမိန့်ရှိပါ ခင်ဗျာ”
မောင့် အသံသည် စောစောတုန်းကလို ခြောက်ကပ် မနေတော့ပေ။ နုသည် စားပွဲပေါ်တင်သော စိတ်ပုတီးကို ကိုင်လျက် အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။
မောင် ဘာဖြစ်လို့များ - နုကို ဒီအကြောင်းပြောရတာလဲ--- သေချာတာကတော့ မောင်က နုထံက ခွင့်တောင်းနေခြင်း မဟုတ်ပါ။ နုကို အသိပေးလိုက်ခြင်းသာ ဖြစ်သည်။
နုသည် မောင့်ကို ခွင့်ပြုရမှာလား။ ဒါမှ မဟုတ် မောင်က နုကို ခွင့်လွှတ်ဖို့ တောင်းဆိုနေတာလား-- နုရင်ထဲတွင် မသဲကွဲသေးပါ။ တကယ်လို့များမောင်က နုကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုလျှင်တော့ နုသည် မောင့်ကို ခွင့်လွှတ်ပေးနိုင်သော မိန်းမပင်မဟုတ်ပါလား။
နုသည် မောင့် ဖုန်းကို ခိုးနားထောင်ဖို့ မရည်ရွယ်သော်လည်း ပိတောက်ပန်းခူးပြီး ဘုရားလှူမည် ဟူသော စိတ်ကူးဖြင့် အခန်းထဲက ထွက်လိုက်သည်နှင့်ပင် တစ်ဘက်ခန်းထဲဝင်လျက် ပြောနေသော မောင့် အသံကို ပီပီသသာကြားလိုက်ရလေသည်။
“အောင် ကလေးရယ် ကိုကိုက အိမ်မှာ အမြဲရှိတာမှ မဟုတ်တာ ကိုကို ပြောမယ် ခဏနားထောင်”
နု ခြေလှမ်းများ ရပ်တန့်သွားသည်။
“ကလေးတဲ့ ။ ကိုကို တဲ့”
မောင် အသံသည် ပျိုလျက် ရွှင်ပြနေလေသည်။
ဘယ်လို မိန်းကလေးမျိုး ဖြစ်နိုင်မလဲ။ လှပသော မိန်းကလေးဖြစ်မည်ကတော့ သေချာပါသည်။
နုသည် စိတ်ပုတီးကို လက်ဖြင့် တင်းကျပ်စွာ ဆုပ်ထားသော်လည်း လက်ချောင်းများတွင် အင်အား မရှိတော့သလို ခံစားလာရေတော့သည်။
နုမှာ ရှိခဲ့တဲ့ ခွန်အားတွေကို မောင်က ဖယ်ထုတ်ပစ်လိုက်ပြီထင်ပါရဲ့။
“ဘယ်လို လုပ်ရမလဲ- ဘယ်လို ဆုံးဖြတ်ရမလဲ”
“ရတယ် အိုကေ -- အိုကေ ... ကိုကို လိုက်ပို့မှာပေါ့ ဟာ အဲဒါတွေက ကလေးနဲ့ ကိုကို့ကြားမှာ ပြောစရာမလိုဘူး ..ကဲ ပြော ဘာလိုချင်လဲ” မောင့်အသံက ညင်သာသိမ့်မွေ့ လျက်ရှိသည်။
ချစ်သူကို အစွမ်းကုန် လိုက်လျောတော့မည့် ယောကျ်ားတစ်ယောက်၏ အသံမျိုးပါလား။
သာယာယစ်မူးသော စိတ်လှုပ်ရှားမှုမျိုးကိုလည်း မောင့်အသံထဲတွင် ခံစားရလေသည်။
နုသည် မျက်စိကို အတင်းမှိတ်ထားလိုက်ပြီးနောက် မောင့်အသံလုံးဝ မကြားရနိုင်သော ပန်းခြံထဲကို ပြေးထွက်လာခဲ့သည်။
နုသည် မျက်ရည်များ ခြောက်ခမ်းချိန်အထိ ပန်းခြံထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည်။ ပိတောက်ပန်းလည်း မခူးဖြစ်၊ ကံ့ကော်ပန်းများကိုလည်း မေ့သွားခဲ့သည်။ အများအမြင်မှာတော့ နုသည် ပန်းခြံထဲဆင်းပြီး အခါများစွာလိုပင် မေတ္တာ ဘာဝနာ ပွားနေပြန်သည်ပေါ့။
နုသည် ထိုနေ့ညတွင် ဘုရားခန်းဘေးက အခန်းမှာပင် အိပ်တော့မည်ဟု စဉ်းစားကာ မောင့်ကို ရှောင်ခဲ့မိလေသည်။
ဘာကြောင့် ရှောင်ခဲ့မိသလဲ ဆိုတာကို မစဉ်းစားတတ်ခဲ့ပါပေ။ သို့သော်လည်း မောင်ကို ရှောင်လိုမရသောနေ့ကိုတော့ နောက်တစ်နေ့တွင် ကြုံရပါတော့သည်။
ထိုနေ့သည် လပြည့်နေ့လည်း ဖြစ်သည်။
လပြည့်နေ့ဆိုလျှင် ဥပုဉ်ယူမည်ကို မောင်က သိပြီးဖြစ်သည်။ ဉပုဉ်ယူသော နေ့ဆိုလျှင် နုသည် ဘုရားခန်းနှင့် ကပ်လျက် အခန်းတွင် ရှိနေတတ်တာကိုလည်း မောင်က သိထားလေသည်။
အဲဒီနေ့ကလည်း နုသည် မောင်နှင့်လည်း မျက်နှာချင်းမဆိုင်လိုသေးသည်မို့ နံနက်ခင်းကတည်းက ပင် အခန်းထဲကနေ မထွက်ခဲ့ပေ။ ပိတ်ရက်မို့ မောင်လည်း အလုပ်မသွား အိမ်မှာ ရှိနေကြောင်း မောင့်အသံကို တစ်ချက်တစ်ချက် ကြားနေရသောကြောင့် သိရလေသည်။
နံနက် ၉ နာရီလောက်မှာတော့
အခန်းထဲမှာပင် မေတ္တာဘာဝနာပွားရင်း ခြံနောက်က ပိတောက်ပင်ကြီးအောက်တွင် တရားသွားထိုင်ဖို့ စိတ်ကူး ရခဲ့သောကြောင့် ခြံထဲသွားဖို့ အခန်းထဲက ထွက်လာစဉ် ဧည့်ခန်းဆီမှာ ရယ်မောသံ သဲ့သဲ့ ကြားလိုက်ရလေသည်။
ရယ်မောသံမှာ အမျိုးသမီးအသံဖြစ်သည် မမနိုင်၏ အသံမဟုတ်ပေ။ အံ့ဩသွားသည်။ ပြီးတော့ ရင်ထဲမှာ သိလိုက်ပါသည်။ မောင့်ရဲ့ ချစ်သူ မိန်းကလေး၏ ရယ်သံ ဖြစ်နေမလား။
မောင်သည် သူမကို အိမ်ထိ ခေါ်လာခဲ့ပြီလား။
နုရင်ထဲတွင် ဆို့နင့်လာပြန်သည်။
“အိမ်မှာ ကိုကို့ကို လာဖမ်းတာ မိပြီနော် ကိုကို” ဟူသော် ချိုလွင်သော အသံကြောင့်ပင် ပိုလို သေချာသွားခဲ့သည်။ နုသည် ထိုမိန်းကလေးကို တွေ့ချင်မြင်ချင်မိပါသည်။ သို့သော်လည်း အခန်းထဲကနေ မထွက်ရဲတော့ပေ။ နုကို မြင်လိုက်လျှင် မောင်သည် ဘယ်နှယ့်တုံ့ပြန်မလဲ။
သေချာသွားသည်ကတော့ မောင်အတွက် အကြီးအကျယ် ထိတ်လန့်သွားမှာတော့ သေချာသည်။ မောင်ကိုထိုမိန်းကလေးက “ ကိုကို သူက ဘယ်သူလဲ ဟင်” လို့ မေးလျှင် မောင်က ဘယ်လိုဖြေမှာလဲ” သိချင်မိ၏။ သို့တိုင်အောင် မောင့်အဖြေကိုလည်း နားမထောင်ရဲအောင် ခံစားရပြန်သည်။
နုသည် ဘယ်လိုလုပ်ရမှန်းမသိဘဲ စိတ်လှုပ်ရှားနေရင်း အိမ်ပြင်သို့ မထွက်တော့ဘဲ အခန်းထဲမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တော့သည်။
သို့သော်လည်း မောင်သည် အိမ်မှာ ရှိနေသည်ကို သိနေသူဖြစ်သည်။ ထို့ကြောင့် မိန်းကလေးနှင့် အပြင်သွားမည့် အကြောင်း ပြောသံကို ကြားရပါသည်။
ထို့နောက် သိပ်မကြာခင်မှာပင် နုတို့ အိပ်ခန်း၏ အခန်းတံခါးဖွင့်သံ သဲ့သဲ့ကို ကြားရသည်။ မောင် အဝတ်လဲဦးမည် ထင်သည်။
မောင်သည် နုနှင့် အပြင်ထွက်လျှင်တော့ လုံခြည်ကိုသာ ဝတ်ဆင်တတ်လေသည်။ ခုတော့ မောင်က ဘယ်လို ဝတ်ဆင်မည်လဲ မသိပါ။ နုသည် မောင်အိမ်က ထွက်သည်ကို လှမ်းမြင်နိုင်သော ပြတင်းပေါက်နားတွင် ရပ်လျက် ခန်းဆီးကို ကွယ်ကာ စောင့်ကြည့်နေခဲ့မိသည်။ ထိုစဉ် မိန်းကလေးသည် အိမ်ထဲက ထွက်လာပြီး စိုက်ထားသော နှင်းဆီပင်နားသို့ သွတ်လျက်စွာ ပြေးသွားသည်ကို တွေ့ရလေသည်။ ပြီးတော့ မိန်းကလေးသည် စိုက်ထားသော နှင်းဆီပွင့်အဝါရောင်လေးအား အပင်ကနေ ဆတ်ခနဲ ချိုးယူလိုက်သည်။
ပြီးတော့ တရှိုက်ရှိုက်မက်မက် နမ်းနေလေသည်။
ငယ်ရွယ်လှပသော မိန်းကလေးမို့ ပန်းကြိုက်သည် ထင်ပါရဲ့၊ သူမ ဝတ်လာသော ဒူးဆစ်ခန့်ရှည် သော ဂါဝန်အဝါနုရောင်လေးနဲ့ လိုက်ဖက်နေလေသည်။ ရွှေရောင် အသားအရေနှင့် လှပသည့် မိန်းကလေးက ငယ်သော လှသော “ ကိုကို - ကိုကို” ဟု ချွဲတတ်သော မိန်းကလေး။ မောင့်လို အချော့ကြိုက်၊ အနွဲ့ကြိုက်သော ယောကျ်ား တစ်ယောက်အတွက် လိုအပ်နေသော မိန်းကလေး။ လောကီ အာရုံခံစားမှုနောက်ကို အတူတူလိုက်မဲ့ မိန်းကလေးပဲဟု တွေးရင်း ငေးနေမိဆဲမှာပင် မောင်က အိမ်ထဲက ထွက်လာလေသည်။
ထိုစဉ် မိန်းကလေးသည် စောတုန်းက သူမ ခူးထားသောခဲ့သော နှင်းဆီပွင့် အဝါရောင်လေးအား ဖြတ်ခနဲ လွှင့်ပစ်လိုက်သည်။
“ဟယ်”
နုသည် နှင်းဆီပန်း အဝါလေးအတွက် စိတ်မကောင်းဖြစ်သွားရသည်။ မိန်းကလေးက မောင့်အား ဒီပန်းလှလှလေးကို ပန်ခိုင်းလိမ့်မည်ဟု နုက တွေးမိခဲ့သေးသည် မဟုတ်ပါလား။
ထိုစဉ်မှာပင် မိန်းကလေးသည် မောင်အနားကို ရောက်သည်နှင့် မောင်၏ ခါးကို လှမ်းဖက်လိုက် ပြီးနောက် မောင့်ရင်ခွင်ထဲ ခေါင်းအပ်ထားရင်း မျက်လုံးလေးလှန်လျက် ခေါင်းလေးငဲ့ကာ ငဲ့ကာ စကားဆိုလေသည်။
မောင်သည် ပြုံးနေ၏။
မောင်၏ အပြုံးသည် မြင်တွေ့ခဲ့ဖူးသော ချစ်သူဖြစ်ကာစတုန်းက အပြုံး၊ လက်ထပ်စတုန်းက သာယာပျော်ရွှင်သော အပြုံးမျိုးပင်တည်း။
မောင့်မျက်နှာတွင် မကြာခဏတွေ့ရတတ်သော အလိုမကျသော မှုန်မှိုင်းမှုမျိုးလုံးဝ မရှိတော့ပါ။ မောင့်အပြုံးနှင့် ဟန်ပန်သည် လောကကြီးကို ကျေနပ်ပျော်ရွှင်နေသော အပြုံးပင်မဟုတ်ပါလား။ ထိုမိန်းကလေး အနားရှိနေစဉ်မှာ မောင် ဘယ်လို ခံစားနေရသလဲ ဆိုတာကို သိမြင်ရလေပြီ။ မောင့်ကို အိမ်မှာ နုရှိနေသည်ဆိုတဲ့ အသိကိုပင် မေ့လျော့သွားစေသည် မိန်းကလေး၏ ညှို့ဓါတ်သည် ပြင်းပြလှသည် မဟုတ်ပါလား။
သူတို့နှစ်ယောက် အလွန်နီးကပ်စွာတွဲလျက် လျှောက်လာကြပြီး ကားပေါ်တက်သွားကြချိန်ထိ နုသည် ငေးကြည့်နေမိလေ၏။ မျက်လုံးမှ မျက်ရည်များ လိမ့်ဆင်းကျလာသည်ကို သတိကြီးလှသော နုသည် ထိုအချိန်တွင်တော့ သတိမထားမိတော့ပေ။
နုသည် မောင့်ရဲထဲကို လှမ်းမြင်လိုက်ရပြီမို့ ထပ် စဉ်းစားစရာ မလိုတော့ပေ။
နု ဘာလုပ်သင့်သည်ကို နုက သိလေပြီ။ နုသည် မောင့်ကို ချစ်သောသူ ဖြစ်သည်။
မောင်သည် သူနှင့်မှ ပျော်ပါသည် ဆိုလျှင် နုသည် မောင့်နားက ခွားပေးသင့်သည် မဟုတ်ပါလား။
ချစ်ခြင်းမေတ္တာဆိုသည်ကား သူ့အကျိုး လိုလာခြင်းပင်ဖြစ်သည်။ ထိုနောက် အခန်းသည် အကြာကြီး တိတ်ဆိတ်သွားခဲ့ပါသည်။
သို့သော်လည်း နုသည် ဘာလုပ်သင့်သည်ကို သိသွားခဲ့သည်။ နု သည် ပြုံးလိုက်ပါသည်။
နု၏ အပြုံးသည် ပုစ္ဆာတစ်ပုဒ်အတွက် အဖြေရသွားချိန်တွင် ပြုံးတတ်သော အပြုံးမျိုးဖြစ်သည်။ ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချသူများတွင်သာ တွေ့ရတတ်သော အပြုံးမျိုးလည်း ဖြစ်၏။
သို့တိုင်အောင် နှုတ်ခမ်းက ပြုံးနိုင်သော်လည်း မျက်ရည်ကျနေသေးသည်ကတော့ ခက်လေသည်။
နုသည် လက်ဝတ်လက်စားများအားလုံးကို စာရင်းစာအုပ်နှင့် တစ်ကွ မမနိုင်အား ဦးကျော်ရှေ့တွင် သက်သေပြုလက် အပ်လိုက်ပါသည်။ မောင့်အတွက် ကွာရှင်းစာချုပ်ကို နုက ထိုးရမည့် နေရာတွင် လက်မှတ်ထိုးပေးခဲ့ပြီးနောက် စာအိတ်ထဲ ထည့်ကာ မောင့်ခေါင်းအုံးပေါ် တင်ပေးခဲ့သည်။ ရက်စွဲကိုတော့ မောင် အဆင်ပြေသလိုသာ ရေးထိုးပါစေ။
ထို့နောက် နုသည် လက်ထပ်တုန်းက ပါလာခဲ့သော ပစ္စည်းအချို့မှ လွဲ၍ အားလုံးကို ထားရစ်ကာ ထိုအိမ်ပေါ်ကနေ ဆင်းလာခဲ့တော့သည်။
မောင်ပြန်လာချိန်တွင်တော့ နုကို မေးပေလိမ့်မည် သို့သော်လည်း မောင်သည် လွတ်လပ်စွာ ပျံသန်းနိုင်တော့မည် မဟုတ်ပါလား။
“မောင် အမြဲတမ်း ပျော်ရွှင် ချမ်းမြေ့ပါစေကွယ်”
အဲဒီနောက်မှာတော့ နုသည် ရုတ်ချည်း အစီအစဉ်မရှိသူမို့ အစ်မတစ်ယောက်၏ အကူအညီဖြင့် မင်္ဂလာဒုံရှိ ရွှေဥမင် တရားရိပ်သာသို့ ဝင်ခဲ့ရလေသည်။
တရားရိပ်သာတစ်ခုကနေ ထွက်လာခဲ့ပြီး ၄၈ နာရီ မပြည့်မီမှာပင် နောက်ထပ် တရားရိပ်သာကို ဝင်နေသော နုအား ဝမ်းကွဲ အစ်မက သာဓုခေါ်လေသည်။
တရားထိုင်ရခြင်းကို အမြဲတန်းတက်တက်ကြွကြွရှိခဲ့သော နုသည် ထိုရိပ်သာတွင်တော့ စိတ်က စုစည်းလို့ မရလောက်အောင်ပင် စိတ်တွေ ပျံ့လွှင့်ထွေပြားနေခဲ့သည်ကိုတော့ ဝန်ခံရပါဦးမည်။
အဲဒီ တရားစခန်းသိမ်းသော အခါတွင်တော့ နုသည် ဘယ်ကို ပြန်လို့ ပြန်ရမှန်းမသိတော့ပေ။
ဆက်လက်ဖော်ပါမည်။
ကျေးဇူးတင်ပါတယ်။
ကျွန်မရဲ့ စာများကို အခမဲ့ ဖတ်ချင်တယ်ဆိုရင် May Thingyan Hein (Page)မှာ Like & follow လုပ်ထားပါ။အိမ်ထောင်ရေးဆိုင်ရာ ဗီဒီယိုတွေကို ကြည့်ချင်တယ်ဆိုရင် Youtubeကကျမရဲ့ အကောင့်မှာ https://www.youtube.com/@MayThingyanHeinMyitmakha မှာ Subscribe လုပ်ထားပြီးကြည့်လို့ရပါတယ်။
ကျမထံမှာ ဗေဒင်မေးမြန်းလိုတယ်ဆိုရင်တော့ facebook မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်ပါတယ်နော်။
ချစ်သောသူများအားလုံး ကျန်းမာပါစေ၊ချမ်းသာပါစေ။
ဘေးကင်းလိုရာပြည့်ကြပါစေ။



Comments